ပဲခူးတွင် မြို့ပေါ်ရပ်ကွက်တွေအထိစစ်မူထမ်းကြေး ဆက်လက်ပေးသွင်းနေရ

အဲဒီလို စစ်မူထမ်းကြေးကောက်နေတဲ့ ပဲခူးမြို့ပေါ်ရပ်ကွက်တွေမှာ တအိမ်ထောင်ကို ၁၀၀၀၀ ကျော်ကနေ ၃၅၀၀၀လောက်အထိလတိုင်းပေးသွင်းနေကြရတာလို့ ဆိုပါတယ်။

၁၃၊ ဇူလိုင်

ပဲခူးတိုင်းအတွင်းမှာ အစိုးရရုံးစိုက်တဲ့ မြို့ပေါ်ရပ်ကွက် နေသူတွေပါ စစ်မှုထမ်းကြေး ဆက်ပြီး ပေးသွင်းနေကြ ရပါတယ်။

စစ်မှုထမ်းမယ့်သူတွေကို  ထောက်ပံ့ဖို့နဲ့ တခြားသူတွေလို စစ်မှုမထမ်းရအောင်ဆိုတဲ့အကြောင်းပြချက်နဲ့ လတိုင်း အိမ်ထောင်စု အလိုက် ကျသင့်ငွေကို ပေးသွင်းနေရတာ ဖြစ်ပြီး လူမရှိတဲ့ အိမ်တွေပါမချန် ဆက်သွယ်စုံစမ်းကာ ငွေကောက်နေတာလို့ ပဲခူးမြို့ပေါ်ရပ်ကွက်နေ ပြည်သူတွေက ဆိုပါတယ်။

” အလုပ်အကိုင် အဆင်မပြေလည်း မရဘူး။လာကောက်တဲ့ မိန်းမတွေက အကြွေးတောင်းသလိုကို မောက်မာတာ။ တလ ၁၂၀၀၀ သွင်းရတယ်။ မိသားစုက တရက်လုပ် တရက်စားသမားတွေလေ။ အဲဒါပေးလိုက်ရတော့ တနေ့တာ ထမင်းငတ်ရတော့တာပဲ” လို့ မဟာမြိုင်ရပ်ကွက်မှာ နေသူတဦးက ပြောပါတယ်။

အဲဒီစစ်မူထမ်းကြေးကို အိမ်ထောင်စုအလိုက် မဖြစ်မနေ ပေးနေကြရတာ ဖြစ်ပြီး ခြွင်းချက်အနေနဲ့ ကင်းလွတ်ခွင့်ပေးတာ မရှိပဲ မပေးနိူင်သူကို ခြိမ်းခြောက်တဲ့အထိ အတင့်ရဲနေတယ်လို့ ပဲခူးမြို့ခံတွေက ဆိုပါတယ်။

” မုဆိုးမ တယောက်ပဲ နေတယ်ဆိုလည်း မရဘူး။ အစိုးရဝန်ထမ်း အိမ်ပါဆိုလည်း မရဘူး။ အဲဒါနဲ့ တိုင်ချင်သလို တိုင်ဆိုပြီး ပြောလွှတ်ထားတယ်  ” လို့ ပဲခူးမြို့ပေါ်ရပ်ကွက်တခုမှာနေထိုင်သူတ​ဦးက ပြောပါတယ်။

အဲဒီလို စစ်မူထမ်းကြေးကောက်နေတဲ့ ပဲခူးမြို့ပေါ်ရပ်ကွက်တွေမှာ တအိမ်ထောင်ကို ၁၀၀၀၀ ကျော်ကနေ ၃၅၀၀၀လောက်အထိလတိုင်းပေးသွင်းနေကြရတာလို့ ဆိုပါတယ်။

လက်ရှိအာဏာသိမ်းစစ်အစိုးရက စစ်မူထမ်းကိစ္စရပ်နဲ့ပတ်သတ်လို့ ငွေကြေးကောက်တာမျိုးအကျင့်ပျက်ခြစားမူတွေမဖြစ်ရအောင်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပေမဲ့ပဲခူးတိုင်းရဲ့ မြို့တော်မှာရှိတဲ့ရပ်ကွက်တွေမှာ ပြောင်ပြောင်တင်းတင်း ဆက်ပြီး ကောက်ခံနေတဲ့အပေါ် ဝေဖန်မူတွေ ရှိနေတာပဲ ဖြစ်ပါတယ်။