ဧရာဝတီမှာ စည်ပင်ခွန်တွေ တိုးကောက်နေ

“အခွန်တွေသာ တိုးကောက်နေတာ။ ဘာမှ လုပ်မပေးဘူးနော်။ အမှိုက်ခွန်က အိမ်တိုင်းပေးရတယ်။ ဒါပေမယ့် အမှိုက်ကျတော့ လာမကောက်ဘူး။ လမ်းကြားထဲ အမှိုက်ကား ဝင်မရတဲ့ အိမ်တွေလည်း ပေးရတယ်”

၁၃၊ ဇူလိုင်။

စစ်အစိုးရအဖြစ် စတင်အုပ်ချုပ်နိုင်ချိန်ကစပြီး ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ အခွန်အခတွေ အဆမတန် တိုးကောက်လာနေပြီး ကျောင်းကုန်းမြို့နယ်က ပြည်သူတွေဟာ စည်ပင်ခွန်ကို ဆယ်ဆတိုးပြီး  အရင်က တလကို ကျပ်ငါးရာသာ ပေးနေရာကနေ အခုအခါမှာ ငါးထောင်အထိ ပေးနေရပါတယ်။

“စည်ပင်က ကောက်တဲ့အခွန်စုံပေါ့၊ အိမ်ခွန်၊ အမှိုက်ခွန်၊ လမ်းမီးခွန်တွေပေ့ါ အခုငါးထောင်ပေးရတယ်။ ဇွန်လက စပြီးတော့ အဲလိုတိုးကောက်တာပါ” လို့ ကျောင်းကုန်းမြို့ခံတဦးဖြစ်တဲ့ ဦးကျော်(အမည်လွှဲ)က ပြောပါတယ်။

ဒါ့အပြင် ပုသိမ်မြို့မှာလည်း တလစာစည်ပင်ခွန်ဟာ အရင်က ကျပ် ၁၄၀၀ သာ ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ဇွန်လမှာ ကျပ် ၂၁၀၀ ထိ တိုးကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အခုလိုတိုးကောက်နေပေမယ့် လမ်းအားလုံးမှာ မီးလင်းအောင် ဆောင်ရွက်ပေးတာ၊ အမှိုက်ရှင်းပေးတာ၊ မြောင်းဖော်ပေးတာတွေ မရှိဘူးလို့ မြို့ခံတွေက ပြောကြပါ တယ်။

“အခွန်တွေသာ တိုးကောက်နေတာ။ ဘာမှ လုပ်မပေးဘူးနော်။ အမှိုက်ခွန်က အိမ်တိုင်းပေးရတယ်။ ဒါပေမယ့် အမှိုက်ကျတော့ လာမကောက်ဘူး။ လမ်းကြားထဲ အမှိုက်ကား ဝင်မရတဲ့ အိမ်တွေလည်း ပေးရတယ်” လို့ ပုသိမ်မြို့ခံအ မျိုးသမီးတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းက ပြည်သူတွေဟာ အလုပ်အကိုင် အဆင်မပြေ၊ စားဝတ်နေရေး ကြပ်တည်းနေကြချိန် အခုလို အခွန်အခတွေ တိုးပေးရတဲ့အပြင် လစဉ် စစ်မှုထမ်းကြေးတွေလည်း သိန်းဂဏန်းထိ ပေးနေကြရတာကြောင့် အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။

“အစိုးရသစ်တက်ပေမယ့် စစ်မှုထမ်းကြေးက မပြောင်းလဲဘူး။ တိုးပြီးတော့တောင် ပေးနေကြရသေးတယ်။ ပေါ်တာဆွဲခံရတာလည်း အများကြီး ရှိလာတယ်။ တိုက်ပွဲတွေကြောင့် ကုန်စျေးနှုန်း တက်တာတမျိုး၊ ပြည်သူတွေမှာ အကုန်လုံးကို ခံနေကြရတယ်” လို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ခံ တဦးက ပြောပါတယ်။

တောင်သူလယ်သမား အများစုရှိတဲ့ ဧရာ၀တီတိုင်း အတွင်းမှာ လယ်ယာသွင်းအားစု စျေးကြီးတာ၊ လယ်ယာထွက်ကုန် စျေးကောင်းမရတာ၊ စိုက်ပျိုးစရိတ်ချေးငွေ အတင်းအဓမ္မ တောင်းခံနေတာ တွေကြောင့်လည်း ဒေသခံတွေမှာ အခက်အခဲတွေနဲ့ ကြုံနေကြရတာ ဖြစ်ပါတယ်။