
“ကတ္တရာလမ်းပေါ်စီးတာမဟုတ်ပဲကို ရွာတွေအထိ ဖမ်းနေလို့ တော်ရုံဆို ထုတ်မစီးရဲတော့ဘူး။ ရွာထဲအထိ ဝင်ဖမ်းမယ်ကြားရင် ဆိုင်ကယ်ဘယ်ထားရမှန်း မသိအောင်ဖြစ်တာ။
၆၊ဇူလိုင်
ပဲခူးတိုင်း၊ကဝမြို့နယ်မှာ လစဉ် အိမ်ထောင်စု တစုအတွက် သုံးသောင်းကျပ်နီးပါး ပေးသွင်းနေရပြီး သားသမီးမရှိတဲ့ သက်ကြီးပိုင်းတွေပါ ပေးနေရတယ်လို့ ဆိုပါတယ်။
” စားစရာမရှိရင်နေ၊ စစ်မှုထမ်းကြေးက လတိုင်းပေးရတယ်။ ပိုက်ဆံရှိတဲ့ သူတွေအတွက်က အကြောင်းမဟုတ်ဘူး။ အဖိုးကြီး၊အဖွားကြီးပဲ ရှိတဲ့အိမ်လည်း မချန်ကောက်တာတော့ လွန်တယ်လေ ” လို့ ကဝမြို့နယ်၊ ဘိုတဲရွာ သားတဦးက ပြောပါတယ်။
စစ်မှုထမ်းကြေး အနေနဲ့ ကဝမြို့နယ်အပိုင်ထဲက တရွာကျပ်သိန်း ၃၀ကနေသိန်း၅၀အထိ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက ငွေစုပြီး စစ်တပ်ကို လတိုင်းပေးသွင်းနေရတယ်လို့ သိရပါတယ်။
” ဒီဖက်မှာက ရွာလူကြီးတွေက အစအသိတရားမရှိပဲ အပေါ်ကပြောတိုင်း လျှေက်လုပ်တယ်။ ရွာခံတွေကလည်း ဘာကြောက်မှန်းမသိ ကြောက်ပြီး လိုက်လုပ်တယ်။ ဖြစ်နေတာအဲဒီလို ” လို့ ဘိုတဲရွာခံတဦးက မှတ်ချက်ပေး ပါတယ်။
ဒါ့အပြင် ကျေးရွာတွေ သွားလာအသုံးပြုနေတဲ့ ဆိုင်ကယ်တွေကို လိုင်စင်မပါလို့ဆိုပြီး ကျေးရွာချင်းဆက် လမ်းတွေအထိ စစ်တပ်နဲ့ အပေါင်းပါတွေက စောင့်ဆိုင်းဖမ်းဆီးတာ ၊ငွေညှစ်နေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီလို ဖမ်းဆီးနေတဲ့အတွက် အရေးအကြောင်း သွားလာဖို့ အခက်တွေ့နေကြရပြီး ကျန်းမာရေးနဲ့ လူမူစီးပွားကိုပါ ထိခိုက်လာတယ်လို့ အောင်သစ္စာရွာသားတဦးက ပြောပါတယ်။
” ကတ္တရာလမ်းပေါ်စီးတာမဟုတ်ပဲကို ရွာတွေအထိ ဖမ်းနေလို့ တော်ရုံဆို ထုတ်မစီးရဲတော့ဘူး။ ရွာထဲအထိ ဝင်ဖမ်းမယ်ကြားရင် ဆိုင်ကယ်ဘယ်ထားရမှန်း မသိအောင်ဖြစ်တာ။ ဖမ်းပြီးရင် ဘီးတန်ဖိုးအပေါ် မူတည်ပြီး တောင်းသလောက် ပေးရွေးရတာ ” လို့ ပြောပါတယ်။
ကဝမြို့နယ်ဟာ ပဲခူးတိုင်း အရှေ့ခြမ်းမှာရှိပြီး စစ်တောင်းမြစ်ကနေ တော်လှန်ရေးအင်အား စုတွေ ဝင်လာမှာ စိုးတဲ့အတွက် စစ်တပ်က လုံခြုံရေး တင်းကျပ်ထားသလို မြို့ပေါ်မှာ စစ်တပ်နဲ့ရဲ အပြင် ပျူစောထီးတွေကို တူညီယူနီဖောင်း ထုတ်ပေးကာ လုံခြုံရေး ယူခိုင်းတာတွေ ရှိနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။