ကြံခင်းမှာ လူငယ်တဦး စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရပြန်

စစ်တပ်ဟာ ငါးနှစ်ကျော် ကာလအတွင်း နိုင်ငံအဝှမ်းမှ ၃၂၉၄၇ ဦးကို ဖမ်းဆီးခဲ့ပြီး ဧရာ၀တီတိုင်း အတွင်းက ၃၆၄၉ ဦး  ပါဝင်ကာ စာရင်းအရ တတိယအများဆုံး တိုင်းဖြစ်ပါတယ်။

၆၊ ဇူလိုင်။

ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်တပ်က အရပ်သား လူငယ်တွေကို စစ်မှုထမ်း သင်တန်းပို့ဖို့ ပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်လာနေပြီး ဇူလိုင်လ ၄ ရက်နေ့က ပက်မခမ်း ကျေးရွာအုပ်စုက လူငယ်တဦး ပေါ်တာဆွဲခံခဲ့ရတာပါ။

“ဒီကောင်တွေက အုပ်ချုပ်ရေးမှူးနေရာပြန်ရအောင်အတွက် ကပ်ဖား၊ ယပ်ဖားလုပ်နေကြတဲ့ကောင်တွေ၊ အုပ်စု လိုက် လူငယ်တွေကို လိမ်ခေါ်ပြီး စစ်မှုထမ်းရောင်းစားနေတာပါ။ ဒီကောင်ပို့နေတာ သုံး၊ လေးယောက်တောင် ရှိပြီ ကြားတယ်။ အင်းပက်လက်ကကလေးကိုဆိုရင် အလုပ်ခိုင်းမယ်ဆိုပြီး လိမ်ခေါ်တာ” လို့ ကြံခင်းမြို့နယ်မှ ကိုကျော် လှ(အမည်လွှဲ)က ပြောပါတယ်။

ပေါ်တာဆွဲခံရတဲ့ လူငယ်လေးဟာ ပက်မခမ်းကျေးရွာအုပ်စု၊ အင်းပက်လက်ကျေးရွာမှ အသက် ၁၉ နှစ် အရွယ် ကိုအောင်အောင်ဦး ဖြစ်ပြီး ပက်ခမ်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်ဝင်းနဲ့ ရာအိမ်မှူးဟောင်း ဦးကျော်တင့်ဆွေတို့က သူတို့အိမ်ကို လိမ်ခေါ်ပြီး  စစ်မှုထမ်းပို့ခဲ့တာလို့ သိရပါတယ်။

DNA အနေနဲ့ စစ်မှုထမ်း ပေါ်တာဆွဲခံရတဲ့ မိသားစုဝင်တွေနဲ့ တိုက်ရိုက်အဆက်အသွယ် မရသေးပါဘူး။

ဧရာ၀တီတိုင်း ရှေ့တန်းတိုက်ပွဲတွေအတွင်း တပ်စခန်းတွေ လက်လွှတ်ရပြီး အထိနာနေချိန် တပ်သားအင်အား လိုအပ်နေတဲ့ စစ်တပ်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ အုပ်ချုပ်ရေးမှူးဟောင်းတွေကတဆင့် ဒေသတွင်းက လူငယ်တွေကို နည်းမျိုးစုံနဲ့ အင်အားစုဆောင်းနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ။

စစ်မှုမထမ်းလိုတဲ့ လူငယ်တွေဟာ စစ်မှုထမ်းကြေး အနေနဲ့ လစဉ်ငွေကြေးပေးရပြီး အဲဒီငွေကြေးတွေနဲ့ စစ်မှုထမ်း လိုက်လိုသူတွေကို ငှားရမ်းကာ စစ်မှုထမ်းပို့နေကြတာပါ။ ဒါပေမယ့် စစ်အစိုးရလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ နဲ့ စစ်တပ်အရာရှိတွေဟာ စစ်မှုထမ်းငှားရမ်းဖို့ ကောက်ထားတဲ့ စစ်မှုထမ်းကြေး ငွေတွေကို သူတို့ယူပြီး စစ်မှုထမ်းမယ့်သူကို အတင်းအဓမ္မဖမ်းဆီး ပေါ်တာဆွဲနေကြတယ်လို့ သိရပါတယ်။

“စစ်မှုထမ်းကြေးဆိုတာ အုပ်ကြီးတွေနဲ့ အောက်ခြေက စစ်သားတွေ စားတာပဲ၊ ငှားထည့်တာက နည်းနည်း၊ ပေါ်တာဆွဲတာက ပိုများတယ်” လို့ တလဝန်းကျင်အတွင်း စစ်မှုထမ်းပေါ်တာဆွဲခံရသူ တဆယ်နီးပါးထိ ရှိနေပြီဖြစ်တဲ့ ရေကြည်မြို့နယ်မှ အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

စစ်တပ်ဟာ ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်လာချိန် ကျေးရွာတခုကနေ တလမှာ တယောက်ကျနှုန်း စစ်မှုထမ်း ခေါ်နေပြီး ရွာသားတွေဟာ စစ်မှုထမ်းကြေး ပုံမှန်ပေးကြရတဲ့အပြင် စစ်မှုထမ်းဖို့ လူတွေပါ ထည့်ပေးနေ ကြရတာဖြစ်ပါတယ်။

ပုသိမ်မြို့နယ် ကိုးဆူကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က အသက် ၃၅ နှစ်အရွယ် လူငယ်တဦးကို စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးခေါ်ယူကာ၊ စစ်မှုထမ်းပို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းအတွင်းက မအူပင်၊ ပုသိမ် ရေကြည်မြို့နယ်တို့အတွင်းမှ လူငယ် တဆယ်ဝန်းကျင်ကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ခေါ်ယူသွားခဲ့တယ်လို့ အဲဒီမြို့နယ်တွေက ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဧရာ၀တီတိုင်းအတွင်းမှ အမျိုးသမီးနဲ့ အသက်မပြည့်သေးသူတွေ အပါအဝင် ပြည်သူပေါင်း ၃၆၄၉ ဦးကို အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်ထဲပို့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ ငါးနှစ်ကျော် ကာလအတွင်း နိုင်ငံအဝှမ်းမှ ၃၂၉၄၇ ဦးကို ဖမ်းဆီးခဲ့ပြီး မန္တလေးတိုင်းမှ လူဦးရေ ၉၄၃၄ ဦး၊ ရခိုင်ပြည်နယ်မှ လူဦးရေ ၃၉၉၃ ဦးနဲ့ ဧရာ၀တီတိုင်းမှ ၃၆၄၉ ဦးတို့ ပါဝင်ပြီး  ဧရာ၀တီတိုင်းဟာ ဖမ်းဆီးခံရသူ တတိယအများဆုံးတိုင်းဖြစ်ပါတယ်။

ဧရာ၀တီတိုင်းအတွင်းက ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး တဦး၊ အသက်မပြည့်သေးသူ ၂၆၉၆ ဦးပါဝင်ပါတယ်။ စစ်တပ်ဟာ အာဏာစသိမ်းချိန် ကတည်းက အရပ်သားပြည်သူတွေကို ဖမ်းဆီး၊ စစ်တပ်ထဲ ပို့နေခဲ့တာ ဖြစ်ပြီး စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး နောက်ပိုင်းမှာတော့ နိုင်ငံအဝှမ်း အသက်မပြည့်သေးတဲ့ လူငယ်တွေ၊ ကျောင်း သားတွေ၊ အမျိုးသမီးတွေကိုပါမချန် ပေါ်ပေါ်တင်တင် ဖမ်းဆီး ၊ ပေါ်တာဆွဲ၊ စစ်သင်တန်းပို့တာတွေ ဆက်တိုက် လုပ်လာခဲ့တာပါ။

စစ်တပ်ဟာ စစ်မှုထမ်းဥပေဒကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပြီး အခုဆိုရင် စစ်မှုထမ်းအပတ်စဉ် ၂၅ ထိ ရှိသွားခဲ့ပြီဖြစ်ကာ အပတ်စဉ်တခုမှာ ငါးထောင်နှုန်းနဲ့ တွက်ရင် စစ်မှုထမ်းပို့ခံရသူ တသိန်းနှစ်သောင်းခွဲထိ ရှိခဲ့ပြီဖြစ်ပါတယ်။