
” လမ်းကြောင်းရှင်းထားရင် ကားကြီးနဲ့အလွတ် ဖြတ်သွားလို့ရတယ်။ အများစုက တပိုင်တနိုင်တင်လို့ ထိကြတာ”
၂ ၊ ဇူလိုင်
ပဲခူးတိုင်းအဝင် စစ်ဆေးရေးဂိတ်တွေကိုရှောင်ပြီးသွားလာနေကြတဲ့ကားတွေကို ကြားဖြတ်စောင့်ဆိုင်း ရှောင်တခင် ဖမ်းဆီးတာတွေ ရှိနေပါတယ်။
“လမ်းသင့်ပြီးစျေးသက်သာလို့ အိမ်အတွက်ဝယ်လာတဲ့ထိုင်းကုန်တခုတလေမြင်ရက်ကို ရစ်တာ။ အရစ်မခံချင်လို့ရှောင်မောင်းတာကို ရှောင်တဲ့လမ်းတွေအထိဖမ်းနေလို့ ဘာမှကိုမသယ်တော့ဘူး “လို့ အိမ်စီးကားနဲ့ ရန်ကုန်ကနေ ဘားအံကို ပုံမှန်သွားလာသူတဦးက ပြောပါတယ်။
ညောင်ခါးရှည် စစ်ဆေးရေးဂိတ် ၊ ဘုရားကြီးနဲ့ ပဲခူးမြို့ အဝင်ဂိတ်တွေမှာ တရားမဝင် ကုန်စည်တွေကို စစ်ဆေး ဖမ်းဆီး ငွေညှစ်နေတဲ့အတွက် ကားတချို့က ရွာချင်းဆက် လမ်းတွေ အသုံးပြုပြီး ဂိတ်တွေကို ရှောင်မောင်းနေကြတဲ့အတွက် အခုလို ရှောင်တခင် ကြားဖြတ် ဖမ်းဆီးတာတွေ လုပ်နေတာပါ။
အဲဒီလို စစ်ဆေးဖမ်းဆီးခံရလို့ ပစ္စည်းနည်းတယ်ဆိုရင် ပိုက်ဆံသောင်းဂဏန်းလောက် ပေးရပြီး ပစ္စည်းများရင် ကားကိုပါ သိမ်းထားပြီး သိန်းဆယ်ဂဏန်းလောက်နဲ့ ပြန်ရွေးရတယ်လို့ မှောင်ခိုလုပ်ကိုင်နေသူတွေက ပြောပါတယ်။
” လမ်းကြောင်းရှင်းထားရင် ကားကြီးနဲ့အလွတ် ဖြတ်သွားလို့ရတယ်။ အများစုက တပိုင်တနိုင်တင်လို့ ထိကြတာ” လို့ မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေသူ တယောက်က ပြောပါတယ်။
စစ်အစိုးရက ပြည်ပသွင်းကုန်နဲ့ပတ်သက်ပြီး မူဝါဒတင်းကြပ်လိုက်ပြီးနောက် ပြည်တွင်းမှာ ပြည်ပထုတ်ကုန်တွေ ပစ္စည်းပြတ်လပ်တာ၊ စျေးကြီးမြင့်တာတွေ ကြုံနေရပါတယ်။
အထူးသဖြင့် ထိုင်းနိူင်ငံက တင်သွင်းတဲ့ ဆေးဝါး၊ စားသောက်ကုန်တွေဟာ ဘားအံမြို့မှာ ဝယ်ယူရတဲ့ စျေးထက်ကို ပြည်တွင်းမှာ စျေးကြီးမြင့်နေတာလို့ မြဝတီနဲ့ ရန်ကုန်ကို ခရီးသည်တင် ပြေးဆွဲနေတဲ့ ယာဥ်မောင်းတဦးက ပြောပါတယ်။
“ထိုင်းကဝင်တဲ့ စားဆီဆိုလည်း ရန်ကုန်ထက် တပုံးကို သောင်းဂဏန်းလောက် ကွာတာ၊ အဲဒီတော့ ပြန်ရောင်းဖို့ မဟုတ်တောင် လမ်းသင့်တော့ ဝယ်တတ်ကြတယ်။ တခြား ထိုင်းကုန်တွေလည်း ဒီအတိုင်းပဲ။ ဒါကိုလက်မခံဘူး၊ အိမ်သုံးလောက်တောင် ရစ်တာ။ တချို့ကတော့ စီးပွားဖြစ်သယ်တာ ”
အဲဒီလို ကားတွေက စစ်ဆေးရေးဂိတ်ကို ရှောင်အသုံးပြုနေတာနဲ့ ပတ်သတ်ပြီး စစ်အစိုးရရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးက ပိတ်ဆို့ဖမ်းဆီးတာတွေ စဉ်ဆက်မပြတ် လုပ်သွားမယ်ဆိုပြီး ဇွန်လ တတိယပတ်ထဲက ဖြေကြားခဲ့ပါတယ်။
အဲဒီလို ဖြေကြားတာမတင်ခင်ကတည်းက ရှောင်ကွင်းလမ်းတွေမှာ စောင့်ဆိုင်း ဖမ်းဆီးတာတွေ ရှိလာခဲ့တာဖြစ်ပြီး အခုနောက်ပိုင်း ရှောင်မောင်းတဲ့ ကားစီးရေ နည်းသွားတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။