ရုရှားရေနံတွင်းတွေ တိုက်ခိုက်ခံရပြီးနောက် ယူကရိန်းမြို့တော်ကို ရုရှားက အပြင်းအထန် လက်တုံ့ပြန်

ယူကရိန်းဟာ ရုရှားပိုင်နက်အတွင်းပိုင်းအထိ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တာကြောင့် ကမ္ဘာ့တတိယအကြီးဆုံး ရေနံထုတ်လုပ်တဲ့ ရုရှားနိုင်ငံမှာ ကြီးမားတဲ့ လောင်စာဆီပြတ်လပ်မှုအကျပ်အတည်း ပေါ်ပေါက်ခဲ့ပြီး အလှမ်းဝေးတဲ့ အိန္ဒိယနိုင်ငံဆီကနေ ဓာတ်ဆီတင်သွင်းဖို့ ဖိအားပေးခံရအထိ အခြေအနေရှိတယ်လို့ သိရပါတယ်။

၂ ၊ ဇူလိုင်လ

ယူကရိန်းမြို့တော် ကိယက်ဗ်ကို ရုရှားက တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၃ ဦး သေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် ၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သမ္မတ ဇလန်းစကီးက ဒီကနေ့ ဇူလိုင်လ ၂ရက်နေ့မှာ ပြောပါတယ်။

ဒရုန်းတွေနဲ့ ဒုံးကျည်တွေဟာ လူနေအဆောက်အအုံတွေကို ထိမှန်ခဲ့ပြီး ကိုးထပ် အဆောက်အအုံတခုဟာလည်း တစိတ်တပိုင်း ပြိုကျပျက်စီးခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံကို စုစုပေါင်း ဒုံးကျည် ၇၄ စင်း ၊ ဒရုန်း ၄၉၆ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။

လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဒုံးကျည် ၄၈ စင်းနဲ့ ဒရုန်း ၄၇၆ စီးကို ပစ်ချတာ ဒါမှမဟုတ်  လုပ်ဆောင်နိုင်ခဲ့ပေမယ့် ပဲ့ထိန်းဒုံးကျည် ၂၅ စင်းနှင့် ဒရုန်း ၁၂ စီးတို့ဟာ နေရာပေါင်း ၃၃ ခုကို ထိမှန်ခဲ့တယ်လို့ တယ်လီဂရမ်ချန်နယ်ကတဆင့် ဖော်ပြခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ မြို့တော် ကိယက်ဗ်က အဓိက ပစ်မှတ်ဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ ကာဂျာ ကာလက်စ် က ယူကရိန်းအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုလှိုင်းအသစ် ထွက်ပေါ်လာပြီးနောက် ရုရှားအပေါ် နောက်ထပ်ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ ဒီကနေ့ ဇူလိုင်လ ၂ရက်နေ့မှာ အဆိုပြုသွားမယ်လို့ ပြောခဲ့ပါတယ်။

မကြာသေးခင်က ယူကရိန်းဟာ ရုရှားရဲ့ ရေနံနယ်မြေတွေကို တိုက်ခိုက်ခဲ့ပြီးနောက် မော်စကိုဘက်က အခုလို လက်တုံ့ပြန်တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံ Nizhny Novgorod ဒေသ ၊ ကက်စတိုဗို မြို့ရှိ Lukoil-Nizhegorodnefteorgsintez ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့တာပါဖြစ်ပြီး ယူကရိန်းစစ်ဦးစီးချုပ်ရုံးကလည်း အတည်ပြုထားပါတယ်။

ယူကရိန်းဟာ ရုရှားပိုင်နက်အတွင်းပိုင်းအထိ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တာကြောင့် ကမ္ဘာ့တတိယအကြီးဆုံး ရေနံထုတ်လုပ်တဲ့ ရုရှားနိုင်ငံမှာ ကြီးမားတဲ့ လောင်စာဆီပြတ်လပ်မှုအကျပ်အတည်း ပေါ်ပေါက်ခဲ့ပြီး အလှမ်းဝေးတဲ့ အိန္ဒိယနိုင်ငံဆီကနေ ဓာတ်ဆီတင်သွင်းဖို့ ဖိအားပေးခံရအထိ အခြေအနေရှိတယ်လို့ သိရပါတယ်။