ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲပြင်းထန်နေချိန် စစ်မှုထမ်းပေါ်တာဆွဲတာတွေ များလာနေ

“စစ်ရှောင်နေတဲ့သူတွေကို လိုက်ဖမ်းနေတယ်လို့ သတင်းတွေရတယ်။ ပြည်သူတွေ သတိထားကြဖို့လိုတယ်။ ဒီ ကောင်တွေက တိုက်ပွဲမှာ တော်တော်အထိနာနေတာ”

၁၊ ဇူလိုင်။

ဧရာ၀တီတိုင်းအတွင်း သာပေါင်း၊ရေကြည်မြို့နယ်တွေထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်တပ်ဟာ ဇွန်လ စတုတ္ထပတ်ထဲမှာ မအူပင်၊ပုသိမ်နဲ့ ရေကြည်မြို့နယ်ထဲက လူငယ်ဆယ်ဦးကျော်ကို ပေါ်တာဆွဲခဲ့ပါတယ်။ ဒါဟာ DNA က ဆက်သွယ်ရသမျှ အရေအတွက်သာ ဖြစ်ပြီးမြေပြင်မှာ ဒါ့ထက်ပိုများပြားနိုင်ပါတယ်။

“ရေကြည်ဘက်မှာ အရမ်းများနေတယ် ပေါ်တာဆွဲတာ၊ စစ်မှုထမ်းကြေးလည်း ပေးရတယ်။ ပေါ်တာလည်း ဆွဲခံရတယ်။ တိုက်ပွဲဖြစ်နေတဲ့ဘက်က ရွာတွေမှာဆိုရင် ဖမ်းနေတာ ဒီအတိုင်း၊ ကျွန်တော်တို့ ကြားတာ ခြောက်ယောက်၊ ခုနစ်ယောက်ရှိပြီ။ ဘုရားကြီးရွာဘက်တွေမှာ ပေါ်တာဆွဲနေတာ စစ်တပ်က” လို့ ရေကြည်မြို့နယ်မှ ဒေသခံအမျိုး သားတဦးက ပြောပါတယ်။

ဒါ့အပြင် ပုသိမ်မြို့နယ် ကိုးဆူကျေးရွာမှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က အသက် ၃၅ နှစ်အရွယ် လူငယ်တဦး ကို စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးခေါ်ယူကာ၊ စစ်မှုထမ်းပို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပုသိမ်မြို့ ပေါ်မှာလည်း လူငယ်တွေကို စစ်မှုထမ်းဖမ်းဆီးဖို့ သတင်းတွေ ထွက်နေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

“တိုက်ပွဲမှာ သေတာများနေတော့ စစ်မှုထမ်းတွေ အတင်းခေါ်ဖို့၊ ပေါ်တာဆွဲဖို့ လုပ်နေကြတယ်။ တချို့လူငယ်တွေ ဆိုရင် ရှောင်နေကြတယ်။ ဆွဲတော့ မဆွဲသေးပေမယ့် သတင်းတွေထွက်နေတာ” လို့ ပုသိမ်မြို့မှာနေထိုင်တဲ့ ခံဝန်ထမ်းတဦးက ပြောပါတယ်။

ဒါ့အပြင် သာပေါင်းမြို့နယ်ထဲမှာလည်း လှည်းတွေ၊နွားတွေကိုလည်းပေါ်တာဆွဲနေတာ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒါ့အပြင် မအူပင်မြို့နယ်အတွင်းက ကျေးရွာတွေမှာလည်း စစ်မှုထမ်းကြေးတွေ ကျပ်တသိန်းကျော်ထိ တိုးကောက်နေပြီး ကျေးရွာအတွင်း သောက်စား၊ မူးယစ်နေတဲ့လူငယ်တွေကို ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

လက်ရှိမှာ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်း၊ လေးမျက်နှာမြို့နယ်တို့မှာ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က စခန်းကြီးတွေ တခုပြီးတခုလက်လွှတ်နေရကာ အကျအ ဆုံးလည်း ရာကျော်ထိ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။

“စစ်ရှောင်နေတဲ့သူတွေကို လိုက်ဖမ်းနေတယ်လို့ သတင်းတွေရတယ်။ ပြည်သူတွေ သတိထားကြဖို့လိုတယ်။ ဒီ ကောင်တွေက တိုက်ပွဲမှာ တော်တော်အထိနာနေတာ။ နေ့တိုင်း ဆယ်ဂဏန်းရှိတယ်” လို့ ဧရာ၀တီတိုင်းအတွင်းမှ AA နဲ့ နီးစပ်တဲ့ ကိုဦးဆန်းက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဧရာ၀တီတိုင်းအတွင်းမှ အမျိုးသမီးနဲ့ အသက်မပြည့်သေးသူတွေအပါအဝင် ပြည်သူ ပေါင်း ၃၆၄၉ ဦးကို အတင်းအဓမ္မဖမ်းဆီးပြီး စစ်ထဲပို့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဝန် ကြီးဌာနက ထုတ်ပြန်တဲ့အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ငါးနှစ်ကျော်ကာလအတွင်း နိုင်ငံအဝှမ်းမှ ၃၂၉၄၇ ဦးကို ဖမ်းဆီးခဲ့ပြီး မန္တလေးတိုင်းမှ လူ ဦးရေ ၉၄၃၄ ဦး၊ ရခိုင်ပြည်နယ်မှ လူဦးရေ ၃၉၉၃ ဦးနဲ့ ဧရာ၀တီတိုင်းမှ ၃၆၄၉ ဦးတို့ ပါဝင်ကာ ဧရာ၀တီတိုင်းဟာ ဖမ်းဆီးခံရသူ တတိယအများဆုံးတိုင်းဖြစ်ပါတယ်။

ဧရာ၀တီတိုင်းအတွင်းက ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး တဦး၊ အသက်မပြည့်သေးသူ ၂၆၉၆ ဦးပါဝင်ပါတယ်။ အခုလိုမျိုး အသက်မပြည့်သေးတဲ့ကလေးငယ်တွေ၊ အမျိုးသမီးတွေကိုပါ ဖမ်းဆီးနေတာဟာ ကြီးမားတဲ့ လူ့အခွင့်အ ရေး ချိုးဖောက်ရာ ရောက်ပြီး ရာဇဝတ်မှုလည်း မြောက်တယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးက ပြောပါတယ်။

စစ်တပ်ဟာ အာဏာစသိမ်းချိန်ကတည်းက အရပ်သားပြည်သူတွေကို ဖမ်းဆီး၊ စစ်တပ်ထဲပို့နေခဲ့ တာဖြစ်ပြီး စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး နောက်ပိုင်းမှာတော့ နိုင်ငံအဝှမ်း အသက်မပြည့်သေးတဲ့ လူငယ်တွေ၊ ကျောင်း သားတွေ၊ အမျိုးသမီးတွေကိုပါမချန် ပေါ်ပေါ်ထင်ထင် ဖမ်းဆီး ၊ ပေါ်တာဆွဲ၊ စစ်သင်တန်းပို့တာတွေ ဆက်တိုက် လုပ်လာခဲ့တာပါ။

စစ်တပ်ဟာ စစ်မှုထမ်းဥပေဒကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ခဲ့ပြီး အခုဆိုရင် စစ် မှုထမ်းအပတ်စဉ် ၂၅ ထိ ရှိသွားခဲ့ပြီဖြစ်ကာ အပတ်စဉ်တခုမှာ ငါးထောင်နှုန်းနဲ့ တွက်ရင် စစ်မှုထမ်းပို့ခံရသူ တသိန်း နှစ်သောင်းခွဲထိ ရှိခဲ့ပြီဖြစ်ပါတယ်။

စစ်အစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ စစ်တပ်၊ ရဲ နဲ့ ထွေအုပ်အဖွဲ့အစည်းတွေဟာ ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်လာတဲ့ ၂၀၂၅ နဲ့ အခု ၂၀၂၆ ခုနှစ် ကာလအတွင်းမှာ အဖမ်းအဆီးတွေ ပိုလုပ်လာတာ တွေ့ရပြီး ဖမ်းဆီးခံရသူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။