တောင်သူအများစု စပါးလက်ဝယ်မရှိချိန် စပါးစျေးတက်

“အခုစျေးတက်ပေမယ့် လယ်သမားတွေမှာ ရောင်းစရာ စပါးမရှိတော့ဘူး။ လယ်သမား ဆယ်ယောက်မှာ တယောက်လောက်မှာပဲ စပါးတွေ ကျန်ရင်ကျန်နေမှာ။ စိုက်ထားရတဲ့ အရင်းအနှီးတွေနဲ့ဆိုရင် စပါးလှောင်ထားဖို့က အဆင်မပြေဘူးလေ။ အကြွေးတွေဆပ်ဖို့ ရောင်းကြရတာပဲ”

ဇွန်၊ ၃၀။

ဧရာ၀တီတိုင်းအတွင်း စပါးစျေးတွေ တရိပ်ရိပ်တက်လာပေမယ့် တောင်သူအများစု လက်ထဲမှာ ရောင်းစရာ စပါးတွေ မရှိတော့တာကြောင့် အခြေခံလယ်သမားတွေအဖို့တော့ အကျိုးအမြတ် မရကြပါဘူး။

“စပါးစျေးက မေလကုန်လောက် ကတည်းက တောက်လျောက် တက်နေတာ။ အခုဆိုရင် နှစ်ဆယ်ကျော်သွားပြီ အကုန်လုံး။ စျေးက ထပ်လည်း တက်အုံးမယ် ထင်တယ်။ စျေးကွက်ထဲမှာ စပါးတွေက သိပ်မရှိတော့ဘူး။ အဝယ်လည်း လိုက်နေတော့ စျေးတက်တာ” လို့ ဟင်္သာတမြို့နယ်မှ စပါးအရောင်းအဝယ်လုပ်နေသူတဦးက ပြောပါတယ်။

လက်ရှိမှာ အညာသား၊  ရက် ၉၀ စတဲ့ စပါးတွေဟာ တင်းတရာကို ကျပ် ၂၃ သိန်းကနေ ၂၅ သိန်းဝန်း ကျင်ထိ စျေးရှိနေပြီး G11 ၊ ဆာဖိုးသာစတဲ့စပါးတွေကတော့ တင်းတရာကို ကျပ်သိန်း ၂၀ ကနေ ၂၂ သိန်းဝန်းကျင် ထိ စျေးရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီစပါးတွေဟာ အရင်က တင်းတရာကို ကျပ် ၁၅ သိန်းကနေ ၁၇ သိန်းဝန်းကျင်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အရင်က ကျပ်သိန်း ၃၀ ကျော်သာရှိခဲ့တဲ့ ပေါ်ဆန်းမွှေး၊ ကျားပျံ စတဲ့စပါးတွေဟာလည်း အခုအခါ ကျပ် သိန်း ၄၀ ကနေ ၅၀ ဝန်းကျင်ထိ စျေးရှိနေတယ်လို့ ဒေသခံ လယ်သမားတွေက ပြောကြပါတယ်။

အခုချိန်မှာ အဲဒီလို စပါးစျေးတွေ တက်နေပေမယ့် တောင်သူတွေမှာ ရောင်းမစွံမှာစိုးတာ၊ အကြွေးဆပ်ဖို့ လိုအပ်တာတွေကြောင့် နွေရာသီကတည်းက ထုတ်ရောင်းခဲ့ကြတာဖြစ်ပြီး စပါးတွေ လက်ထဲ မရှိကြတော့ပါဘူး။

“အခုစျေးတက်ပေမယ့် လယ်သမားတွေမှာ ရောင်းစရာ စပါးမရှိတော့ဘူး။ လယ်သမား ဆယ်ယောက်မှာ တယောက်လောက်မှာပဲ စပါးတွေ ကျန်ရင်ကျန်နေမှာ။ စိုက်ထားရတဲ့ အရင်းအနှီးတွေနဲ့ဆိုရင် စပါးလှောင်ထားဖို့က အဆင်မပြေဘူးလေ။ အကြွေးတွေဆပ်ဖို့ ရောင်းကြရတာပဲ” လို့ မြန်အောင်မြို့နယ်မှ လယ်သမားတဦးဖြစ်တဲ့ ဦး အောင်က ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်ယာသွင်းအားစုတွေ စျေးတက်တာ၊ လယ်ယာ ထွက်ကုန် စပါးစျေးမရတာ၊ ပိုးမွှားဖျက်ဆီးတာတို့ကြောင့် လယ်သမားအများစုဟာ အရှုံးနဲ့ ကြုံနေကြရပြီး လယ် ယာမြေတွေကို ရောင်းချ၊ ပေါင်နှံရတဲ့သူတွေလည်း များလာနေတယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေက ပြောထားကြပါတယ်။

အခုနှစ်မှာလည်း စက်သုံးဆီစျေးတက်နေတာ၊ အလွယ်တကူဝယ်မရတာ၊ ဓါတ်မြဩဇာနဲ့ အလုပ်သမားခ စျေး တက်တာစတဲ့အခြေအနေတွေကြောင့် လယ်ထွန်မယ့်သူတွေ ပိုနည်းလာတယ်လို့ ဆိုပါတယ်။

“လယ်သမားတွေ အဖို့က တနှစ်ထက် တနှစ်မလွယ်ဘူး။ အခု ပုလဲတအိတ်ကိုတောင် သိန်းကျော်နေပြီ” လို့ ဖျာပုံ မြို့နယ်က လယ်သမားအမျိုးသမီးတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်း စပါးစျေးမကောင်းလို့ လယ်သမားတွေ အရှုံးပေါ် အခက်အခဲဖြစ်နေကြချိန် လယ်ယာဖွံ့ဖြိုးရေးဘဏ်ကလည်း သူတို့ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်မီ ပြန်ဆပ်ကြဖို့ ဖိ အားပေး၊ ခြိမ်းခြောက် တောင်းခံတာတွေလည်း ရှိနေပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။