တရုတ်သူဌေးကြီးတဦး အမေရိကန်မှာ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရ

အိမ်ခြံမြေသူဌေးဟောင်းဟာ ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံကနေ အမေရိကန်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အဲဒီမှာ ကွန်မြူနစ်ပါတီကို ဝေဖန်သူတဦးအဖြစ် ပုံစံပြောင်းလဲကာ အွန်လိုင်းမှာ သူ့အပေါ် သစ္စာရှိတဲ့ နောက်လိုက်အုပ်စုတစုကို တည်ဆောက်ခဲ့ပါတယ်။

 

၃၀၊ ဇွန်။

 

တချိန်က တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး စီးပွားရေးသမားတွေထဲက တဦးလို့ သတ်မှတ်ခံခဲ့ရတဲ့ ကော်ဝမ်ကွေဟာ ဒေါ်လာဘီလီယံချီတဲ့ လိမ်လည်လှည့်ဖြားမှုတခုကို ကျူးလွန်ခဲ့တဲ့အတွက် အမေရိကန်မှာ ထောင်ဒဏ် နှစ် ၃၀  ချမှတ်ခံခဲ့ရပါတယ်။

 

အဆိုပါ အိမ်ခြံမြေသူဌေးဟောင်းဟာ ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံကနေ အမေရိကန်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အဲဒီမှာ ကွန်မြူနစ်ပါတီကို ဝေဖန်သူတဦးအဖြစ် ပုံစံပြောင်းလဲကာ အွန်လိုင်းမှာ သူ့အပေါ် သစ္စာရှိတဲ့ နောက်လိုက်အုပ်စုတစုကို တည်ဆောက်ခဲ့ပါတယ်။

 

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကော် ဟာ ငွေညှစ်မှု၊ လိမ်လည်မှုနဲ့ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။

နယူးယောက်တရားရုံး တရားသူကြီး အန်နာလီဆာ တောရက်စ်က ကော် ဟာ “တရုတ်နိုင်ငံကို ဒီမိုကရေစီရရှိအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေသူတွေကို သားကောင်ဖြစ်စေခဲ့တယ်” လို့ ပြောကြားခဲ့ပြီး သူတို့ရဲ့ ပိုက်ဆံတွေကို ယူကာ သူရဲ့ ဇိမ်ခံလူနေမှုဘဝအတွက် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

 

ဒီအပေါ် မှတ်ချက်ပေးဖို့ ဘီဘီစီက ကော်ရဲ့ ကိုယ်စားလှယ်တွေဆီ ဆက်သွယ်ထားတယ်လို့ သိရပါတယ်။ Miles Guo နဲ့ Ho Wan Kwok အပါအဝင် နာမည်အမျိုးမျိုး ခံယူထားတဲ့ ကော်ကို သူ့ရဲ့ ထောက်ခံသူတွေနဲ့ ပြည့်နှက်နေတဲ့ တရားခွင်အတွင်းမှာ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

 

အမေရိကန်အစိုးရရှေ့နေ ရှောင် အက်စ် ဘတ်ကလေက “ကော်ဟာ သူ့ကို ပေးအပ်ထားတဲ့ တရားဝင်အခွင့်အလမ်းများစွာအပေါ် တင်းတိမ်ရောင့်ရဲခြင်းမရှိဘဲ လူပေါင်းထောင်ချီက သူ့အပေါ် ထားရှိတဲ့ ယုံကြည်မှုကို သူ့ရဲ့ကိုယ်ကျိုးလောဘအတွက် အသုံးချခဲ့ပါတယ်” လို့ ဘီဘီစီကို ပြောပါတယ်။

 

“ဒီကနေ့ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်က ကျော်စောမှုနဲ့ ချမ်းသာကြွယ်ဝမှုဟာ ဥပဒေရဲ့အထက်မှာ မရှိဘူးဆိုတာကို ပြသနေပြီး မိသားစုတွေကို ဒုက္ခပေးပြီး ကိုယ်ကျိုးရှာကြတဲ့ လိမ်လည်သူတွေဟာ ကြီးမားတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာကို ပြသနေပါတယ်” လို့ ဘတ်ကလေက ဆက်ပြောပါတယ်။

 

တရုတ်နိုင်ငံကနေ ထွက်မပြေးခင်မှာ ကော်ဟာ အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းရှင်တဦးအဖြစ် ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ခဲ့ပြီး တရုတ်အစိုးရနဲ့လည်း ဆက်ဆံရေးကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အဆင့်မြင့်အရာရှိကြီးတွေရဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်ကို ခံရပြီးနောက်မှာတော့ သူဟာ အမေရိကန်မှာ ခိုလှုံခွင့်တောင်းခံခဲ့ပါတယ်။

 

ကော်ဟာ တရုတ်ကွန်မြူနစ်အစိုးရကို ဝေဖန်သူတဦးဖြစ်လာခဲ့ပြီး အမေရိကန်ရောက် တရုတ်အသိုက်အဝန်းကြားမှာ အွန်လိုင်းကနေတဆင့် ထောက်ခံသူ အများအပြားကို စုဆောင်းခဲ့ပါတယ်။

၂၀၁၈ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ကြားမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရစ်ပတိုငွေကြေး အစီအစဉ်တွေမှာ ပါဝင်ခဲ့ကြတဲ့ အွန်လိုင်း Followers တွေ ဆီကနေ ကော်ဟာ ဒေါ်လာ ၁ ဘီလီယံ (ပေါင် ၇၆၀ သန်း) ကျော် ရယူခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

 

သူရရှိခဲ့တဲ့ ပိုက်ဆံတွေကို ကော်ရဲ့ စတုရန်းပေ ၅၀,၀၀၀ ကျယ်ဝန်းတဲ့ စံအိမ်ကြီး၊ ဒေါ်လာ ၁ သန်းတန် လန်ဘိုဂီနီကားနဲ့ ဒေါ်လာ ၃၇ သန်းတန် ရွက်လှေတို့ အပါအဝင် သူ့ရဲ့ ဇိမ်ခံလူနေမှုဘဝအတွက် အသုံးပြုခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ ကော်ကတော့ အဆိုပါ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ရန်ပုံငွေတွေကို သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအတွက် အသုံးပြုခဲ့တာလို့ ပြောပါတယ်။

 

သူဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေးဟောင်း စတိဗ် ဘန်နွန် အပါအဝင် တရုတ်နိုင်ငံကို ဝေဖန်သူ အခြားသူတွေနဲ့လည်း ဆက်ဆံရေး တည်ဆောက်ခဲ့ပါတယ်။

ဘန်နွန်နဲ့ ကော်တို့ဟာ အွန်လိုင်းဗီဒီယိုတွေမှာ မကြာခဏ အတူတူထွက်လာလေ့ရှိပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ တရုတ်ကွန်မြူနစ်ပါတီကို ဖြုတ်ချဖို့ ရည်ရွယ်ချက်နဲ့ “တရုတ်နိုင်ငံသစ် ဖက်ဒရယ်ပြည်နယ်”လို့ ခေါ်တဲ့ လှုပ်ရှားမှုတခုကို စတင်ခဲ့ပါတယ်။

 

အဲဒီနှစ်နှောင်းပိုင်းမှာ ဘန်နွန်ဟာ ကွန်နက်တီကတ်ပြည်နယ်မှာရှိတဲ့ ကော်ရဲ့ ရွက်လှေပေါ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ဘန်နွန်ဟာ အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ဖို့အတွက် အကျိုးအမြတ်မယူတဲ့ ကုမ္ပဏီတခုကို ငွေကြေးထောက်ပံ့ခဲ့ကြသူတွေကို လိမ်လည်ခဲ့တယ်ဆိုတဲ့ အခြားအမှုတခုနဲ့ စွဲချက် တင်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘန်နွန်ဟာ မန်ဟက်တန်တရားရုံးမှာ ပထမအဆင့် လိမ်လည်မှုစွဲချက်အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး  သုံးနှစ်ကြာ စည်းကမ်းချက်နဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရရှိခဲ့ပါတယ်။

 

 

Ref – BBC