
လျှပ်စစ်ကားတွေ၊ ဒေတာစင်တာတွေနဲ့ ဉာဏ်ရည်တု (AI) နည်းပညာတွေကြောင့်လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ မြင့်တက်လာခဲ့ပြီး အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။
၃၀၊ ဇွန်။
သဘာဝဓာတ်ငွေ့စျေးနှုန်းတွေ မြင့်တက်လာတာကြောင့် လျှပ်စစ်ထုတ်လုပ်သူတွေ ကျောက်မီးသွေးဆီ ပြန်လှည့်လာကြတဲ့အတွက် ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု မြင့်တက်လာခြင်းရဲ့ သုံးပုံတပုံခန့်ဟာ အမေရိကန်နိုင်ငံကြောင့် ဖြစ်တယ်လို့ စွမ်းအင်အင်စတီကျုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ember၊ Kearney Institute နဲ့ KPMG တို့နဲ့ ပူးပေါင်းထုတ်ဝေထားတဲ့ အဆိုပါ အစီရင်ခံစာရဲ့ အဓိကအချက်အလက်တွေထဲမှာ ပြီးခဲ့တဲ့နှစ် အမေရိကန်ရဲ့ ကျောက်မီးသွေးသုံးစွဲမှုဟာ ၁၀ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့တာကြောင့် ပိုမိုသန့်စင်တဲ့ လောင်စာဆီတွေဆီ ပြောင်းလဲအသုံးပြုနေမှုကို ပြောင်းပြန်ဖြစ်စေခဲ့ပြီး ကာဗွန်ထုတ်လွှတ်မှု စုစုပေါင်းကို မြင့်တက်စေဖို့ တွန်းအားပေးသလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။
စွမ်းအင်ကဏ္ဍမှာ ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှုဟာ ၁.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုက် မက်ထရစ်တန် ၃၅,၈၀၆ သန်းအထိ ရှိခဲ့ပါတယ်။ ဒီလိုတိုးလာမှုရဲ့ သုံးပုံတပုံကျော်ဟာ အမေရိကန်ကနေ လာတာပါ။ မြောက်အမေရိကရဲ့ ကာဗွန်ထုတ်လွှတ်မှု မြင့်တက်လာခြင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကာဗွန်ထုတ်လွှတ်မှု ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့တဲ့အလားအလာကို ပြောင်းပြန်ဖြစ်သွားစေခဲ့ပါတယ်။
ကမ္ဘာ့စွမ်းအင်ဆိုင်ရာ လိုအပ်ချက်ဟာ ဆက်လက်တိုးတက်နေပြီး စုစုပေါင်း စွမ်းအင်ထောက်ပံ့မှုဟာလည်း ၂၀၂၄ ခုနှစ်ထက် ၁.၇ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်က အကြီးမားဆုံး အစိတ်အပိုင်းမှာ ပါဝင်နေတာပါ။
နေရောင်ခြည်စွမ်းအင် ၃၀ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာတာကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်မှုဟာ ၉.၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ ဥရောပရဲ့ စွမ်းအင်ကဏ္ဍကနေ ကာဗွန်ထုတ်လွှတ်မှုဟာ ၀.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ထုတ်လွှတ်မှုကတော့ ၀.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ လျှပ်စစ်ကားတွေ၊ ဒေတာစင်တာတွေနဲ့ ဉာဏ်ရည်တု (AI) နည်းပညာတွေကြောင့်လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ မြင့်တက်လာခဲ့ပြီး အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ ရေနံသုံးစွဲမှု ၁.၁ ရာခိုင်နှုန်း တိုးတက်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့ရေနံသုံးစွဲမှုဟာ ၁.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တရက်ကို ဘာရယ် သန်း ၁၀၃ သန်းအထိ ရှိခဲ့သလို ရေနံထုတ်လုပ်မှုကတော့ ၃.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာတော့ ပြီးခဲ့တဲ့နှစ်အတွင်း ဓာတ်ဆီနဲ့ ဒီဇယ်ဆီ သုံးစွဲမှု ကျဆင်းသွားခဲ့ပြီး ဒါဟာ ၂၀၂၄ ခုနှစ်မှာ တွေ့မြင်ခဲ့ရတဲ့အလားအလာအတိုင်း ဆက်ဖြစ်နေတာပါ။ ဓာတ်ငွေ့လိုအပ်ချက် တိုးတက်မှုဟာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အမေရိကတို့မှာ အဓိက ဗဟိုပြုနေပြီး ဥရောပနဲ့ အိန္ဒိယနိုင်ငံတို့ဟာ သူတို့ရဲ့ စွမ်းအင်လိုအပ်ချက် ထက်ဝက်နီးပါးအတွက် ပြည်ပက တင်သွင်းမှုအပေါ် မှီခိုနေကြရပါတယ်။
Ref – Reuters