ထိုင်းလုပ်ငန်းခွင်မှာ သေဆုံးခဲ့တဲ့ မြန်အောင်သား ကိုကျော်သက်အောင် နစ်နာကြေး တလကျော်ကြာတဲ့အထိမရသေး

အလုပ်ရှင်ဘက်က နစ်နာကြေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဖြေရှင်းပေးဖို့ တာဝန်ယူတယ်လို့ ဆိုပေမယ့် ယခုအချိန်ထိ နစ်နာကြေး တစုံတရာ မရရှိသေးတာပါ။

 

၃၀၊ ဇွန်လ။

 

ထိုင်းနိုင်ငံမှာ လုပ်ငန်းခွင်အပြန် မတော်တဆမှုနဲ့ သေဆုံးခဲ့ရတဲ့ ဧရာဝတီတိုင်း၊ မြန်အောင်မြို့က ကိုကျော်သက်အောင် ရရှိရမယ့် နစ်နာကြေးဟာ တလကျော်ကြာတဲ့အထိ မရရှိသေးပါဘူး။

 

“ ကျွန်တော်တို့ အလုပ်ရှင်နဲ့ ထွက်ဆိုချက်ယူတာကတော့ ပြီးသွားပါပြီ။ နောက်ဆက်ပြီး ယာဉ်မောင်းတွေနဲ့ အမှုဆိုင်ဖို့ ဆက်လုပ်ရမှာပါ။ အလုပ်ရှင်ကတော့ သူ့ဘက်ပိုင်းကို တာဝန်ယူတယ်ပြောတယ်။ ဒါပေမယ့် တိုက်တိုက်တွန်းတွန်း လုပ်ပေးမယ့်သူမရှိတော့ ကြာနေတာပေါ့ ” လို့ ကူညီဖြေရှင်းပေးနေတဲ့ အလုပ်သမား မဟာမိတ်အဖွဲ့ (WAG)က ကိုမုန်တိုင်းက  ပြောပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ၊ စူဖန်ဘူလီခရိုင်၊ အူထောင်မြို့နယ်က လုပ်ငန်းခွင့်တခုမှ အထောက်အထားအပြည့်အစုံနဲ့ အလုပ်လုပ်ကိုင်နေတဲ့ ကိုကျော်သက်အောင်ဟာ အလုပ်ချိန်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရပါတယ်။ 

 

ဒါနဲ့ပတ်သက်လို့ အလုပ်ရှင်ဘက်က နစ်နာကြေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဖြေရှင်းပေးဖို့ တာဝန်ယူတယ်လို့ ဆိုပေမယ့် ယခုအချိန်ထိ နစ်နာကြေး တစုံတရာ မရရှိသေးတာပါ။

 

ကိုကျော်သက်အောင်ဟာ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ဂုန်ညှင်းတန်းရွာမှာနေထိုင်သူဖြစ်ပြီး လူလွတ်ဖြစ်တာကြောင့် အသက် ၇၀ ကျော်အရွယ်မိခင်ဖြစ်သူက လာရောက်ပြီး နစ်နာကြေးရရှိဖို့ လိုက်လံဆောင်ရွက်နေတာ ဖြစ်ပါတယ်။