
ကမ္ဘာလုံးဆိုင်ရာ ရေနံနဲ့ ဂတ်စ်တင်ပို့မှုရဲ့ ငါးပုံတပုံကို သယ်ယူပို့ဆောင်ပေးနေတဲ့ အဆိုပါ ရေလက်ကြားကို အီရန်က လပေါင်းများစွာ ပိတ်ဆို့ထားခဲ့တာကြောင့် ရေနံစျေးနှုန်းတွေဟာ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။
၁၁၊ ဇွန်။
အမေရိကန်က အီရန်အပေါ် ထပ်တိုးတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာ အီရန်အစိုးရက စွမ်းအင်ကဏ္ဍအတွက် အရေးပါလှတဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်ပြီလို့ ကြေညာခဲ့တာကြောင့် ကြာသပတေးနေ့မှာ ရေနံစျေးနှုန်းတွေ ထိုးတက်သွားပါတယ်။
ဒါ့အပြင် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ငြိမ်းချမ်းရေးသဘောတူညီချက် မရဘူးဆိုရင် အခုထက်ပိုပြီး တိုက်ခိုက်သွားမယ်လို့ ကတိပြုထားပါတယ်။
ဂရင်းနစ်စံတော်ချိန် မနက်အစောပိုင်း ၂ နာရီ ၄၃ မိနစ်မှာ ဘရန့် ရေနံကြိုပွိုင့်စျေးနှုန်းဟာ တစည်ကို ၁.၄၈ ဒေါ်လာတက်ပြီး ၉၄.၅၈ ဒေါ်လာ ဖြစ်သွားသလို အမေရိကန်ရဲ့ စံပြ WTI ရေနံစိမ်းစျေးကလည်း ၁.၇၁ ဒေါ်လာ တက်ပြီး ၉၁.၇၄ ဒေါ်လာအထိ မြင့်တက်လာပါတယ်။
အီရန်ရဲ့ ထိပ်တန်းပူးတွဲစစ်ဌာနချုပ်က ကြာသပတေးနေ့မှာ ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီလို့ ကြေညာခဲ့ပြီး ပိတ်ဆို့မှုထဲမှာ ရေနံတင်သင်္ဘောတွေနဲ့ ကုန်သွယ်ရေးသင်္ဘောတွေလည်းပါဝင်ပါတယ်။ ဘယ်သင်္ဘောမဆို ဖြတ်သန်းဖို့ ကြိုးစားရင် ပစ်ခတ်သွားမယ်လို့လည်း ဆိုပါတယ်။
“ဒါဟာ သဘောတူညီချက်ရဖို့ ဝေးပါသေးတယ်ဆိုတာကို နောက်တကြိမ် ပြသလိုက်တာဖြစ်ပြီးပါရှန်ကွေ့ကနေ စွမ်းအင်စီးဆင်းမှုတွေဟာ ဆက်ပြီးတော့ ပြင်းပြင်းထန်ထန် ကန့်သတ်ခံထားရဦးမယ်ဆိုတာကို ပြနေပါတယ်” လို့ ING ဘဏ္ဍာရေးအဖွဲ့အစည်းရဲ့ လေ့လာဆန်းစစ်သူတွေကသူတို့ရဲ့ ဖောက်သည်တွေထံ ပေးပို့တဲ့ မှတ်စုမှာ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာတာကြောင့် မနက်စောစော စျေးကွက်ဖွင့်ချိန်မှာ ရေနံစျေးနှုန်းတွေ တက်လာရတာဖြစ်တယ်လို့လည်း သူတို့က ပြောပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းကတော့ အမေရိကန်စစ်တပ်က X လူမှုကွန်ရက်ပေါ်မှာ ကုန်သွယ်ရေးသင်္ဘောတွေဟာ ရေလက်ကြားထဲကို ပုံမှန်အတိုင်း အဝင်အထွက် ဖြတ်သန်းနေကြတုန်းပဲလို့ ပြောခဲ့ပါတယ်။
အမေရိကန်စစ်သင်္ဘောတွေနားမှာ ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အပစ်ခံခဲ့ရတယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက သတင်းထုတ်ပြန်ခဲ့ပြီးနောက် ရေလက်ကြားထဲမှာ အမေရိကန်စစ်သင်္ဘောတစင်းမှထိခိုက်မှုမရှိဘူးလို့လည်း အမေရိကန်ဘက်က ပြန်လည်ပြောကြားခဲ့ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ ဂရင်းနစ်စံတော်ချိန် ည ၉ နာရီ ၁၅ မိနစ်မှာ အီရန်နိုင်ငံအတွင်းကပစ်မှတ်အမြောက်အမြားကို ထပ်တိုးတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းက ပျက်ပြယ်လွယ်တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကြောင့် ယာယီရပ်တန့်နေခဲ့တဲ့ စစ်ပွဲကြီးကို တကျော့ပြန် ပြန်လည်စတင်လာစေနိုင်တဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေရဲ့ နောက်ဆုံးအခြေအနေပဲ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေပိုင်းက Fox News သတင်းထောက် ထရေးယင့်စ်နဲ့ တွေ့ဆုံရာမှာ ထရမ့်ကတိုက်ခိုက်မှုတွေဟာ မကြာခင် ရပ်တန့်သွားမှာဖြစ်ပေမဲ့ အီရန်ခေါင်းဆောင်တွေအနေနဲ့ အမေရိကန်နဲ့ သဘောတူညီချက်ကို ချက်ချင်းလက်မှတ်မထိုးဘူးဆိုရင်တော့ သူတို့ကို ပြာကျသွားအောင်ဗုံးကြဲပစ်မယ်လို့ ပြောခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ရေနံနဲ့ ဂတ်စ်တင်ပို့မှုရဲ့ ငါးပုံတပုံကို သယ်ယူပို့ဆောင်ပေးနေတဲ့ အဆိုပါ ရေလက်ကြားကို အီရန်က လပေါင်းများစွာ ပိတ်ဆို့ထားခဲ့တာကြောင့် ရေနံစျေးနှုန်းတွေဟာ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့ အီရန်စစ်ပွဲစတင်ကတည်းက ရေလက်ကြားကြီး ထိရောက်စွာ ပိတ်ဆို့ခံလိုက်ရပြီးနောက် ကမ္ဘာ့အကြီးမားဆုံး ရေနံထုတ်လုပ်တဲ့ အမေရိကန်ဟာ လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ ကြိုးစားခဲ့ရတာကြောင့် မဟာဗျူဟာမြောက် အရန်ရေနံတွေအပါအဝင် အမေရိကန်ရဲ့ ရေနံစိမ်းသိုလှောင်မှုဟာ ရေနံစည် ၇၉ သန်းအထိ လျော့ကျသွားခဲ့ပါတယ်။
အခုလို ပြတ်လပ်မှုတွေရဲ့ ရိုက်ခတ်မှုအနေနဲ့ မေလအတွင်း ကမ္ဘာ့ရေနံတင်ပို့တဲ့ နိုင်ငံများအဖွဲ့(OPEC) ရဲ့ ရေနံထုတ်လုပ်မှုဟာ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်းသွားခဲ့တယ်လို့ ရိုက်တာရဲ့ စစ်တမ်းတခုက ဖော်ပြနေပါတယ်။
အမေရိကန်ရေတပ်ရဲ့ ပိတ်ဆို့မှုက အီရန်ရဲ့ ပို့ကုန်တွေကို ထိန်းချုပ်ထားသလို အီရန်ဘက်ကလည်း အရေးပါတဲ့ ရေလမ်းကြောင်းကို ပိတ်ပစ်လိုက်တာကြောင့် အခြားကွေ့ဒေသတွင်း ရေနံထုတ်လုပ်တဲ့နိုင်ငံတွေရဲ့ တင်ပို့မှုတွေကိုလည်း ကျဆင်းသွားစေခဲ့ပါတယ်။
Ref – Reuters