ဧရာ၀တီတိုင်းမှ ပြည်သူ ၃၆၀၀ ကျော်ကို စစ်တပ်က အတင်းအဓမ္မဖမ်းဆီး၊ စစ်မှုထမ်းပို့ခဲ့

“သားယောကျာ်းလေး တယောက်ရှိတာ စိုးရိမ်နေရတယ်။ နိုင်ငံခြားတို့၊ ရန်ကုန်တို့လည်း မလွှတ်ရဲဘူး။ ကိုယ့်ရွာမှာ ထားပြန်ရင်လည်း ကြောက်နေရတယ်။ ဘယ်လိုလုပ်ရမယ်မှန်း မသိတော့ဘူး။ အခုတော့ ကိုင်းတောထဲ ပို့ထား တယ်”

၁၀၊ ဇွန်။

စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဧရာ၀တီတိုင်းအတွင်းက အမျိုးသမီးနဲ့ အသက်မပြည့်သေးသူ တွေအပါအဝင် ပြည်သူပေါင်း ၃၆၄၉ ဦးကို အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်ထဲပို့ခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

လူ့အခွင့်အရေးဝန်ကြီးဌာနက စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခု မေလ ၃၁ ရက်နေ့အထိ ကောက်ယူ၊ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ  အဲဒီလို ဖော်ပြထားတာပါ။

“မတရားစစ်မှုထမ်းဥပဒေနဲ့ အဓမ္မစစ်ထဲ ဆွဲသွင်းနေတာကလည်း တကယ့်ကို အဆိုးဆုံးအခြေအနေပါပဲ” လို့ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ ငါးနှစ်ကျော်ကာလအတွင်း နိုင်ငံအဝှမ်းမှ ၃၂၉၄၇ ဦးကို ဖမ်းဆီးခဲ့ပြီး မန္တလေးတိုင်းက  ၉၄၃၄ ဦး၊ ရခိုင်ပြည်နယ်က ၃၉၉၃ ဦးနဲ့ ဧရာ၀တီတိုင်းက ၃၆၄၉ ဦးတို့ ပါဝင်ကာ ဧရာ၀တီတိုင်းဟာ ဖမ်းဆီးခံရသူ တတိယအများဆုံး တိုင်းဖြစ်ပါတယ်။

ဧရာ၀တီတိုင်းအတွင်းက ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး တဦး၊ အသက်မပြည့်သေးသူ ၂၆၉၆ ဦး ပါဝင်ပါတယ်။ အခုလိုမျိုး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေကိုပါ ဖမ်းဆီးနေတာဟာ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ပြီး ရာဇဝတ်မှုလည်း မြောက်တယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာဏာစသိမ်းချိန်ကတည်းက အရပ်သားပြည်သူတွေကို ဖမ်းဆီး၊ စစ်တပ်ထဲပို့နေခဲ့ တာဖြစ်ပြီး စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်းမှာတော့ နိုင်ငံအဝှမ်း အသက်မပြည့်သေးတဲ့လူငယ်တွေ၊ ကျောင်း သားတွေ၊ အမျိုးသမီးတွေကိုပါမချန် ပေါ်ပေါ်ထင်ထင် ဖမ်းဆီး ၊ ပေါ်တာဆွဲ၊ စစ်သင်တန်းပို့တာတွေ ဆက်တိုက် လုပ်လာခဲ့တာပါ။

စစ်တပ်ဟာ စစ်မှုထမ်းဥပေဒကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ခဲ့ပြီး အခုဆိုရင် စစ်မှုထမ်းအပတ်စဉ် ၂၅ ထိ ရှိသွားခဲ့ပြီဖြစ်ကာ အပတ်စဉ်တခုမှာ ငါးထောင်နှုန်းနဲ့ တွက်ရင် စစ်မှုထမ်းပို့ခံရသူ တသိန်း နှစ်သောင်းခွဲထိ ရှိခဲ့ပြီဖြစ်ပါတယ်။

ရဲ၊ အုပ်ချုပ်ရေးနဲ့ စစ်တပ်တို့ဟာ ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်လာတဲ့ ၂၀၂၅ နဲ့ အခု ၂၀၂၆ ခုနှစ်တို့အတွင်းမှာ အဖမ်းအဆီးတွေ ပိုလုပ်လာတာတွေ့ရပြီး ဖမ်းဆီးခံရသူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ရပ်ကွက်၊ ကျေးရွာအတွင်း သောက်စား၊ မူးယစ်တဲ့ လူငယ်တွေ၊ ခိုးဝှက်၊လုယက်တဲ့လူငယ်တွေ၊ ကျပန်းအလုပ် လုပ်ကိုင်ကြရတဲ့ အခြေခံလူတန်းစား မိသားစုတွေကို ဖမ်းဆီး၊ ချုပ်နှောင်ကာ စစ်မှုထမ်းပို့တာတွေလည်း လုပ်နေပါတယ်။

အဲဒီလိုအဖမ်းအဆီးတွေကြောင့် သားယောကျ်ားလေးရှိတဲ့ ပြည်သူတွေမှာ စိုးရိမ်မကင်း အခြေအနေနဲ့ နေထိုင်နေကြရ တယ်လို့ ဆိုပါတယ်။

“သားယောကျာ်းလေး တယောက်ရှိတာ စိုးရိမ်နေရတယ်။ နိုင်ငံခြားတို့၊ ရန်ကုန်တို့လည်း မလွှတ်ရဲဘူး။ ကိုယ့်ရွာမှာ ထားပြန်ရင်လည်း ကြောက်နေရတယ်။ ဘယ်လိုလုပ်ရမယ်မှန်း မသိတော့ဘူး။ အခုတော့ ကိုင်းတောထဲ ပို့ထား တယ်” လို့ ဖျာပုံမြို့နယ်မှ အမျိုးသမီးတဦးက ပြောထားပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့လတွေတုန်းက ကျေးရွာအုပ်စု တခုက တလမှာ လူတယောက်နှုန်း ဝန်းကျင်သာ စစ်မှုထမ်းခေါ်ခဲ့ပေမယ့် အခုနောက်ပိုင်း တရွာတယောက်နှုန်းထိ တိုးခေါ်နေတာကြောင့် စစ်မှုထမ်းကြေးတွေ လည်း တိုးပေးနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဧရာ၀တီတိုင်းအတွင်းရှိ လူငယ်တွေထဲက ၉၂ ရာခိုင်နှုန်းကျော်ဟာ စစ်မှုထမ်းဥပဒေကြောင့် သူတို့ရဲ့ အလုပ်အကိုင် နဲ့ ပညာရေးအပေါ် သက်ရောက်မှုရှိနေတယ်လို့ ကရင်လူငယ်သုတေသနအဖွဲ့က ဒေသခံ ၁၁၉ ဦးကို မေးမြန်း စစ် တမ်းကောက်၊ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ပြောထားကြပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ခွာ၊ ပြောင်းရွှေ့ရသူ ၆၈ ရာခိုင်နှုန်း၊ အဓမ္မလူသစ်စုဆောင်းခြင်းနဲ့ ငွေ ကြေးအမြတ်ထုတ်ခံရမှုကြုံရသူ ၄၄ ရာခိုင်နှုန်းရှိတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်မှုထမ်း လစဉ်ကြေးအနေနဲ့လည်း တလမှာ တသိန်းအထက် ပေးရသူ ၁၀ ရာခိုင်နှုန်းကျော်၊ ငါးသောင်းကနေ တသိန်းထိ ပေးရသူ ၃၆ ရာခိုင်နှုန်းကျော်နဲ့ ငါးသောင်းအောက်ပေးရသူ ၅၂ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဆိုပါတယ်။