
“ငွေကောက်နေတာတွေက တချို့ရပ်ကွက်တွေက အုပ်ချုပ်ရေးမှူးတွေပါ။ သောင်းနဲ့ချီ ကောက်တယ်လို့ ကြားတယ်။ တချို့ သတင်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတွေက တောင်းတယ်လို့ပါတယ်။ တကယ်အဲ့လို တောင်းနေ ကောက်ခံနေတာက ဒီလူတွေ မဟုတ်ဘူးလို့ ပြောချင်ပါတယ် ”
၁၀၊ ဇွန်လ။
ဧရာဝတီတိုင်း ဇလွန်မြို့နယ်မှာ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုတွေ များပြားလာတဲ့အတွက် မြို့နယ်ကျန်းမာရေးဌာနနဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး ခြင်ဆေးဖြန်းခြင်း လုပ်ငန်းတွေကို အခမဲ့ ဆောင်ရွက် မေးနေပေမယ့် တချို့ ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးတွေက ငွေကြေးကောက်ခံတာတွေ ရှိနေပါတယ်။
“ကျွန်တော်တို့ဆီကို ဒီလဆန်းပိုင်းက(ဇွန်လ) လာဖြန်းသွားတယ်။ ကျန်းမာရေးဝန်ထမ်းတွေရော အုပ်ကြီးတွေလည်းပါတယ်။ ပရဟိတ အဖွဲ့တွေလည်း ပါတယ်။ တောင်းတာက နှစ်သောင်းတောင်းတာ မရှိဘူးဆိုပြီး ညှိကြရင်း တစ်သောင်းနဲ့ ပြီးသွားတယ်။ တောင်းကတော့ ရပ်ကွက်လူကြီးတွေပဲ ဟုတ်တယ်။ ဒါပေမယ့် တခြားသူတွေပါ ခွဲယူ မယူကတော့ ကျွန်တော်တို့လည်း မသိဘူးလေနော်။ ပိုက်ဆံမပေးရင် ဆေးမဖြန်းပေးဘူးလို့ ပြောတာလည်း အမှန်ပဲ။ ဒါပေမယ့် တရပ်ကွက်လုံးကိုတော့ ဖြန်းသွားပါတယ် ” လို့ စက်ကြီးရပ်ကွက်မှာ နေထိုင်သူ တဦးက ပြောပါတယ်။
အခုလို အစီအစဉ်အတွက် ခြင်ဆေးကို ဇလွန်မြို့နယ် ဆေးရုံကနေ ဆေးနဲ့ စက်ကို အခမဲ့ပေးထားတာဖြစ်ပြီး လိုက်လံလုပ်ဆောင်ပေးနေတဲ့ ပရဟိတအဖွဲ့တွေက ဆီဖိုးကုန်ကျစရိတ် အနည်းငယ်ကိုသာ ကောက်ခံမှု ပြုလုပ်တာဖြစ်တယ်လို့ ခြင်းဆေးဖြန်းရာမှာ ပါဝင်သူတဦးက ရှင်းပြပါတယ်။
“ ကျွန်တော်တို့ လုပ်ပေးနေတာမှာ အကုန်လုံးနီးပါး အခမဲ့ပဲဖြစ်ပါတယ်။ ဆီဖိုးဆိုတာလည်း အလှူရှင်ရှိရင် မကောက်ပါဘူး။ အလှူရှင်မရှိတဲ့ ရပ်ကွက်တွေဆိုလည်း တတ်နိုင်သူတွေဆီက အမှန်တကယ်ကုန်ကျတဲ့ ဆီဖိုးကိုပဲ အကူညီတောင်းတာဖြစ်ပါတယ်။ ဆေးဖိုးဆိုပြီး လုံးဝ ငွေမကောက်ပါဘူး။ ငွေကောက်နေတာတွေက တချို့ရပ်ကွက်တွေက အုပ်ချုပ်ရေးမှူးတွေပါ။ သောင်းနဲ့ချီ ကောက်တယ်လို့ ကြားတယ်။ တချို့ သတင်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတွေက တောင်းတယ်လို့ပါတယ်။ တကယ်အဲ့လို တောင်းနေ ကောက်ခံနေတာက ဒီလူတွေ မဟုတ်ဘူးလို့ ပြောချင်ပါတယ် ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ တတိယပတ်ကစပြီး ဇလွန်မြို့နယ်မှာ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုတွေ များပြားခဲ့ပြီး ကလေး ၅ ဦး ဆုံးပါးခဲ့ရပါတယ်။ ဒါကြောင့် မြို့နယ်ဆေးရုံအုပ်နဲ့ အဖွဲ့အစည်းတချို့ပူးပေါင်းပြီး ခြင်နှိမ်နင်းရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပြီး ယခု ဇွန်လ ဆန်းပိုင်းမှာ ဖြစ်ပွားမှုနူန်းကို လျော့ချ ထိန်းချုပ်နိုင်လာပြီ ဖြစ်တယ်လို့ ခြင်ဆေးဖြန်းရာမှာ ပါဝင်သူတွေက ပြောပါတယ်။
“ ညောင်ပင်စျေးရပ်ကွက်မှာဆို ၁၊ ၂၊ ၃၊ ၄ လမ်းထိပ်တွေဆို ရေကန်တွေဘဲဆိုတော့ ဖြစ်ပွားမှု့ နည်းနည်းများသွားတယ်။ အဲ့ဒါကြောင့်ဆရာကြီး ကိုယ်တိုင်ကွင်းဆင်းပြီး ရေအိုးရေကန်ဆေးခတ်တာ ခြင်ဆေးဖြန်းတာတွေ ဆောင်ရွက်ပေးခဲ့တယ်။ အခု အဘိတ်ဆေးခတ်တာတွေ ခြင်ဆေးဖြန်းပေးတာတွေ ဆောင်ရွက်လိုက်တော့ 80%လျှော့သွားတယ်။ အခုဖြစ်တာက ဆရာကြီး ကိုယ်တိုင်မလိုက်နိုင်တဲ့ နေရာတွေက အသံထွက်လာတာ ” လို့ ပရဟိတအဖွဲ့တခုရဲ့ ခေါင်းဆောင်ဖြစ်သူက ရှင်းပြပါတယ်။
ငွေကြေးကောက်ခံမှုတွေ ပြုလုပ်နေတဲ့ ရပ်ကွက်တွေဟာ စက်ကြီးရပ်ကွက်နဲ့ လမ်းမြောက်ရပ်ကွက်တွေက ဖြစ်ပြီး ငွေမပေးနိုင်တဲ့ အိမ်တွေကို ခြင်းဆေးမဖြန်းပေးဘူးဆိုတဲ့ သတင်းတွေပါ ထွက်နေတယ်လို့ ဇလွန်မြို့ပေါ်မှာ နေထိုင်သူတွေက DNA ကိုပြောပါတယ်။