
အမေရိကန် ဗဟိုစစ်ဌာနချုပ်က စစ်ဆင်ရေးဟာ အမေရိကန်တပ်ဖွဲ့တွေနဲ့ ကုန်သွယ်ရေးသင်္ဘောတွေအပေါ် မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် မျှတတဲ့ တုံ့ပြန်မှု ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
၁၀၊ ဇွန်။
အမေရိကန် အပါချီ ရဟတ်ယာဉ်တစင်းကို အီရန်က ဟော်မုဇ်ရေလက်ကြားမှာ ပစ်ချခဲ့တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြီးတဲ့နောက် အမေရိကန်ဟာ ဇွန်လ ၉ ရက်နေ့၊ အင်္ဂါနေ့မှာအီရန်အပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒါဟာ ဖြစ်လာနိုင်ခြေရှိတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် သံသယတွေကို ပိုမိုနက်ရှိုင်းစေခဲ့သလို ထိခိုက်လွယ်နေတဲ့ အပစ်အခတ်ရပ်စဲရေးကိုလည်း ပိုမိုတင်းမာသွားစေပါတယ်။
အမေရိကန်စစ်တပ်ကတော့ ဟော်မုဇ်ရေလက်ကြားအနီးက အီရန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ မြေပြင်ထိန်းချုပ်ရေးစခန်းတွေနဲ့ ထောက်လှမ်းရေး ရေဒါစခန်းတွေကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ X လူမှုကွန်ရက်မှာ ပြောထားပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ်က စစ်ဆင်ရေးဟာ အမေရိကန်တပ်ဖွဲ့တွေနဲ့ ကုန်သွယ်ရေးသင်္ဘောတွေအပေါ် မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် မျှတတဲ့ တုံ့ပြန်မှု ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
“တုံ့ပြန်မှုက အင်မတန်ပြင်းထန်ပြီး အားကောင်းရမယ်လို့ ကျွန်တော်ယုံကြည်တယ်၊ အခုတိုက်ခိုက်မှုကလည်း အဲဒီလိုပဲ ဖြစ်တယ်” လို့ ထရမ့်က ABC သတင်းဌာနကို ပြောပါတယ်။
တိုက်ခိုက်မှုတွေကို ညနေ ၅ နာရီ (ဂရင်းနစ်စံတော်ချိန် ၂၁း၀၀) မှာ စတင်ခဲ့တာဖြစ်ပြီး ည ၉ နာရီမတိုင်ခင်လေးမှာပဲ တိုက်ခိုက်မှုတွေ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဗဟိုစစ်ဌာနချုပ်က ပို့စ်တင်ခဲ့ပါတယ်။ ဟော်မုဇ်ရေလက်ကြားထဲက ကက်ရှ်မ်ကျွန်းနဲ့ ဆီရစ်ခ်ဆိပ်ကမ်းမြို့တို့ တိုက်ခိုက်ခံခဲ့ရတယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြခဲ့ပါတယ်။
အနီးနားက ဘန်ဒါအာဘတ်စ်မြို့မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး အဲဒီနောက်မှာတော့ရေလက်ကြားအဝင်ဝနားက ဂျက်စ်ခ် ခရိုင်ပတ်ဝန်းကျင်မှာလည်း ကြားခဲ့ရတယ်လို့ ဒေသခံအရင်းအမြစ်တွေနဲ့ နေထိုင်သူတွေကို ကိုးကားပြီး အီရန်မီဒီယာက ဖော်ပြပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းက အမေရိကန်စစ်အခြေစိုက်စခန်းအချို့ကို ပစ်မှတ်ထားခဲ့တယ်လို့ အီရန်ရဲ့ အဆင့်မြင့်ပူးတွဲစစ်ဌာနချုပ် ခါတမ် အလ်-အန်ဘီယာရဲ့ပြောကြားချက်ကို ကိုးကားပြီး အီရန်မီဒီယာက ဆိုပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဘာရိန်းနိုင်ငံမှာရှိတဲ့ အမေရိကန် ပဉ္စမရေတပ်စုကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ရန်လိုမှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် အခုထက်ပိုပြီးပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ပင်တဂွန်ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပါဘူး။စစ်မြေပြင်က သတင်းပေးပို့ချက်တွေကိုတော့ ရိုက်တာအနေနဲ့ ချက်ချင်း သီးခြားအတည်မပြုနိုင်သေးပါဘူးလို့ ဆိုပါတယ်။
ရန်လိုတိုက်ခိုက်မှုတွေ မြင့်တက်လာပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့ အာရှ အစောပိုင်း ကုန်သွယ်မှုမှာရေနံဈေးနှုန်းတွေဟာ ၁ ရာခိုင်နှုန်းခန့် မြင့်တက်သွားခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတဦးရဲ့ အဆိုအရ အပါချီ ရဟတ်ယာဉ်ဟာ အီရန်ရဲ့အသေခံဒရုန်းကြောင့် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အမေရိကန်လေယာဉ်မှူးနှစ်ဦးစလုံး ဒဏ်ရာမရခဲ့ဘူးလို့ ထရမ့်က ပြောပါတယ်။
အီရန်နိုင်ငံပိုင်မီဒီယာကတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားမှာ လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေး လုပ်ဆောင်ခဲ့တာမရှိဘူးလို့ စစ်ဘက်ဆိုင်ရာအရင်းအမြစ်တခုကို ကိုးကားပြီး ဖော်ပြထားပါတယ်။
ထရမ့်က အင်္ဂါနေ့ The Wall Street Journal ကို ပြောကြားရာမှာတော့ ရဟတ်ယာဉ်ဖြစ်စဉ်ဟာ “သိပ်ပြီး ကိစ္စမကြီးပါဘူး” လို့ ဆိုခဲ့ပြီး “လေယာဉ်မှူးလည်း အဆင်ပြေပါတယ်” လို့အလေးအနက် ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဖြစ်ရပ်ဟာ ပိုမိုကျယ်ပြန့်လာတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ဖို့နဲ့ စက်သုံးဆီအပါအဝင် အခြားကုန်စည်တွေအတွက် အရေးပါတဲ့ လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ ငြိမ်းချမ်းရေးသဘောတူညီချက်တရပ် ရရှိအောင် ကြားဝင်စေ့စပ်ပေးနေတဲ့ ကြိုးပမ်းမှုတွေကို ပိုမိုတင်းမာသွားစေနိုင်ပါတယ်။
Ref – Reuters