
အီရန်နဲ့ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ နယ်စပ်ကနေ ရော့ကတ်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာတိုက်ခိုက်ရေးသမားတွေကို လိုက်လံနှိမ်နင်းဖို့ အစ္စရေးက ပြီးခဲ့တဲ့မတ်လမှာ လက်ဘနွန်ကို ကျူးကျော်ဝင်ရောက်ခဲ့တာပါ။
၈၊ ဇွန်။
ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွေကို အစ္စရေးက တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က အစ္စရေးပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ အလုံးအရင်းနဲ့ ပစ်ခတ်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အစ္စရေးဟာ ဇွန်လ ၈ ရက်၊ တနင်္လာနေ့ မနက်အစောပိုင်းမှာ အီရန်နိုင်ငံအနောက်ပိုင်းနဲ့ အလယ်ပိုင်းက စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
“မကြာသေးခင်ကပဲ အစ္စရေးလေတပ်ဟာ အီရန်အကြမ်းဖက်အစိုးရရဲ့ အနောက်ပိုင်းနဲ့ အလယ်ပိုင်းက စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်” လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က တယ်လီဂရမ်ပေါ်မှာတင်ခဲ့ပါတယ်။
အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားကတော့ တီဟီရန်၊ တာဘရစ်ဇ်နဲ့ အစ္စဖာဟန်မြို့တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဘေရွတ်မြို့အစွန်အဖျားကို တိုက်ခိုက်မှုအတွက် အီရန်က အစ္စရေးပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်ပစ်ခတ်ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ပြန်မတိုက်ဖို့ ပြောမယ်လို့ တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အခုလို အစ္စရေးရဲ့ တိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်တယ်လို့ Axios သတင်းဌာနက ဖော်ပြထားပါတယ်။
အီရန်နဲ့ တသားတည်းရှိကြောင်း ပြသတဲ့အနေနဲ့ နယ်စပ်ကနေ ရော့ကတ်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာတိုက်ခိုက်ရေးသမားတွေကို လိုက်လံနှိမ်နင်းဖို့ အစ္စရေးက ပြီးခဲ့တဲ့မတ်လမှာ လက်ဘနွန်ကို ကျူးကျော်ဝင်ရောက်ခဲ့တာပါ။
အမေရိကန်နဲ့ ဘယ်လိုငြိမ်းချမ်းရေးသဘောတူညီချက်မဆို လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေးအပေါ်မှာလည်း မူတည်တယ်လို့ အီရန်က ကာလရှည်ကြာ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က လက်ဘနွန်အတွက် အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို အမေရိကန်က ကြေညာခဲ့ပြီးနောက်ပိုင်း အစ္စရေးဟာ တနင်္ဂနွေနေ့အစောပိုင်းမှာ ဘေရွတ်ဒေသကို ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ကတော့ နာဇရက်မြို့အနီးက ရာမတ်ဒေးဗစ် လေတပ်အခြေစိုက်စခန်းကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ အီရန်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို သူတို့ ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့ရဲ့ ကြားဖြတ်ကာကွယ်ရေးစနစ်တွေနဲ့ ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
နယူးဂျာစီပြည်နယ်၊ ဘက်မင်စတာက ဂေါက်ကလပ်မှာ ရုံးပိတ်ရက် ကုန်ဆုံးနေတဲ့ ထရမ့်နဲ့ နေတန်ညာဟုတို့ဟာ ဖုန်းနဲ့ နာရီဝက်နီးပါး စကားပြောခဲ့ကြတယ်လို့ အစ္စရေးတာဝန်ရှိသူတဦးက ဆိုပါတယ်။
အိမ်ဖြူတော်နဲ့ အစ္စရေးဝန်ကြီးချုပ်ရုံးတို့ကတော့ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပါဘူး။ အဲဒီမတိုင်ခင်က ထရမ့်ဟာ လက်တုံ့မပြန်ဖို့ နေတန်ညာဟုကို ဖိအားပေးမယ်လို့ Axios သတင်းဌာနကို ပြောခဲ့ပါတယ်။
ထရမ့်က “အစ္စရေးလည်း တိုက်ခိုက်ပြီးပြီ၊ အီရန်လည်း တိုက်ခိုက်ပြီးပြီ။ နောက်ထပ် တိုက်ခိုက်မှုတခု ထပ်မလိုချင်တော့ဘူး” လို့ ပြောပါတယ်။
“ကျွန်တော်တို့ အီရန်နဲ့ နောက်ဆုံးသဘောတူညီချက်ရဖို့ တော်တော်လေး နီးစပ်နေပါပြီ။ ဒါဟာ ကောင်းမွန်တဲ့သဘောတူညီချက်တခု ဖြစ်လာမှာပါ။ အခုဖြစ်ပျက်နေတဲ့ အရာတွေကြောင့် ဒါကြီး ပျက်စီးသွားတာမျိုးကို မလိုလားဘူး” လို့လည်း သူက ဆိုပါတယ်။
စစ်ပွဲကိုရပ်တန့်ဖို့ ရည်ရွယ်တဲ့ အမေရိကန်-အီရန် ဆွေးနွေးပွဲတွေ စတင်ကတည်းက အစ္စရေးဟာ ဟစ်ဇဘိုလာနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ လက်ဘနွန်ကို ဆက်လက်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး အစ္စရေးတာဝန်ရှိသူတွေကတော့ အဲဒီကိစ္စကို အီရန်နဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စကနေ သီးခြားခွဲထုတ်ပြီး ကိုင်တွယ်ရမယ်လို့အခိုင်အမာ ပြောနေကြပါတယ်။
အီရန်ဘက်ကတော့ အမေရိကန်နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်မှာ လက်ဘနွန်ကိုပါ ထည့်သွင်းဖို့တောင်းဆိုထားပြီး အဲဒီမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ ဆွေးနွေးပွဲတွေကို ထိခိုက်စေတယ်လို့ သတိပေးထားပါတယ်။
အီရန်ရဲ့ အဓိကငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိုယ်စားလှယ်ဖြစ်သူ၊ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘတ်ဖ်က “လက်ဘနွန်ဆိုင်ရာ သဘောတူညီချက်တွေကို ချိုးဖောက်တာ” အပါအဝင် ရန်လိုတဲ့ လုပ်ရပ်တွေကြောင့် အမေရိကန်စခန်းတွေနဲ့ အစ္စရေးပိုင်ဆိုင်မှုတွေဟာ တိုက်ခိုက်ဖို့ တရားဝင်တဲ့ ပစ်မှတ်တွေဖြစ်တယ်လို့ပြောပါတယ်။
Ref – CNA