ငပုတော၊တင်းချောင်းအုပ်စုမှာ တောင်ကျရေကြောင့် ပေါင်းကူးတံတားကျိုးပြီး၊အိမ်လေးလုံး ရေထဲမျောပါ

“အခုက တင်းချောင်းကနေ ဝက်ကော်ကို ကျောင်းသွားတက်နေတာ ကျောင်းသား ၂၅ ယောက်လောက် ရှိတယ်။ ခုတံတား မရှိတော့ မိုးတအားရွာနေရင် လှေနဲ့ မကူးရဲကြဘူး”

 

၈၊ဇွန်

ငပုတောမြို့နယ်ထဲက တင်းချောင်းအုပ်စုမှာ ဇွန်လ ၅ ရက်နေ့ မနက်အစောပိုင်းမှာ တောင်ကျရေကြောင့် တင်းချောင်းရွာနဲ့ ဝက်ကော် ရွာချင်းဆက်လမ်းပေါ်မှာရှိတဲ့ ကိုယ်ထူကိုယ်ထ သစ်သားပေါင်းကူးတံတား ပျက်စီးခဲ့သလို ၊ တဲအိမ်လေးလုံး နဲ့ တိရိစ္ဆာန်တွေရေထဲ မျောပါပျက်စီးခဲ့ပါတယ်။

 

“ဆိတ် ၁၇ ကောင် ပါသွားတာ ၊ လေးကောင်ပျောက်သွားတယ် ပြန်မရဘူး ။ တဲအိမ်လေးလုံးလည်း မျောသွားတယ်။ လင်မယားနှစ်ယောက်ပါသွားတယ်ဆိုပြီး သတင်းထွက်နေတာတော့ မဟုတ်ဘူး ။ အဲဒီလင်မယားနှစ်ယောက်က သစ်ပင်ပေါ်တက်နေတာ မျောမသွားပဲ လွတ်သွားတယ်” အသက်၄၀ အရွယ်ခန့် တင်းချောင်းရွာသားတဦးက ပြောပါတယ်။

ဇွန်လဆန်းပိုင်းကစပြီး မုတ်သန်လေ အားကောင်းပြီး လေပြင်းတိုက်တာ ၊ မိုးကြီးတာတွေကို ကြိုတင်သတိထားဖို့ လိုတယ်လို့ မိုးဇလပညာရှင်တွေက နှိုးဆော်ထားခဲ့ကြပါတယ်။ ဇွန်လ ၄ ရက်နေ့ သန်းခေါင်းကျော်မှာ မိုးစတင်ရွာခဲ့တာဖြစ်ပြီး ၅ ရက်နေ့ မနက် ၄ နာရီခန့်မှာတော့ တင်းချောင်း ၊ ဝက်ကော် သစ်သားတံတားဟာ တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

အခုလို တံတားပျက်စီးသွားတဲ့ အတွက် လက်တလောမှာ ဒေသတွင်း နေထိုင်သူတွေအတွက် ပညာရေးနဲ့ ကျန်းမာရေး အခက်အခဲ ဖြစ်နေရတယ်လို့ ကျောင်းသားမိဘ တဦးကပြောပါတယ်။

“အခုက တင်းချောင်းကနေ ဝက်ကော်ကို ကျောင်းသွားတက်နေတာ ကျောင်းသား ၂၅ ယောက်လောက် ရှိတယ်။ ခုတံတား မရှိတော့ မိုးတအားရွာနေရင် လှေနဲ့ မကူးရဲကြဘူး”လို့ သူက ပြောပါတယ်။

ကညင်ချောင်း၊ထီးလုံးဖြူ၊ရိုးကွင်း၊သရက်ကုန်း၊မရမ်းကုန်း၊ဝက်ကော် စတဲ့ရွာတွေက ဒီပေါင်းကူးတံတားကနေ တဆင့် တင်းချောင်းရွာကို ကူးပြီး မော်တင်လမ်း ၊ ငရုတ်ကောင်းတောင်ရွာ စသဖြင့် လမ်းပန်းဆက်သွယ်ရေးအတွက် ဒေသတွင်းမှာ စီးပွားရေးအရလည်း အချက်အခြာကျတဲ့ အလျှား ပေ ၁၈၀ အနံ ၈ ပေရှိတဲ့ ကိုယ်ထူကိုယ်ထ တံတားတဆင်းဖြစ်ပါတယ်။

 

ဇွန်လ ၅ ရက်နေ့ မနက်အစောပိုင်း မိုးသီးထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေတိုက်စားပြီး ငရုတ်ကောင်းတောင် မော်တင် ကားလမ်းပေါ်က မှတ်တိုင် ၅၆ တင်းချောင်းတံတား နဲ့ လမ်းပိုင်းအချို့နေရာတွေလည်း ပျက်စီးခဲ့ပါတယ်။

 

“အသစ်လုပ်ထားတဲ့လမ်းက မခိုင်ဘူး။ ထပ်ပျက်နိုင်တယ်။ အဲဒီနားမှာ တခြားတဲအိမ်လေးတွေလည်း ရှိသေးတော့ စိုးရိမ်ရတယ်” လို့ အဲဒီလမ်းပိုင်းကို သွားလာဖူးတဲ့ ပုသိမ်ဒေသခံနောက်တဦးက ပြောပါတယ်။

အဲဒီ တင်းချောင်းတံတားအနီးဝန်းကျင်မှာ ရွှေ့ပြောင်းနေထိုင်ကြသူတွေ အများအပြားရှိပြီး လမ်းဘေးဝဲယာတွေမှာ နေထိုင်ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုရက်ပိုင်းအတွင်း ဧရာ၀တီမှာ မိုးအဆက်မပြတ်ရွာနေပြီး ပုသိမ် – မော်တင်လမ်းအပြင် ဖျာပုံ – အမာ၊ ဟင်္သာတ – မြန်အောင် စတဲ့လမ်းပိုင်းတွေလည်း ပျက်စီးမှုရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဧရာ၀တီအတွင်းက မြို့နယ်တွေနဲ့ ရန်ကုန်ကြား ဆက်သွယ်ထား တဲ့ လမ်းပိုင်းတွေနဲ့ မြို့ချင်းဆက်လမ်းတွေကို ပြုပြင်ထိန်းသိမ်းမှု မရှိသလောက်နည်းပါးခဲ့ပြီး လမ်းပျက်စီးမှုတွေ အများအပြားရှိနေတာပါ။

ဟင်္သာတမြို့ခံတဦးက “အာဏာသိမ်းပြီးကတည်းက လမ်းတွေ လုံး၀မလုပ်ဘူး၊ မပြုပြင်ဘူးလို့တောင် ပြောလို့ရ တယ်။ ရန်ကုန်သွားတဲ့လမ်းဆိုရင်လည်း ပျက်နေပြီ။ နယ်ဘက်လမ်းတွေဆို ပိုဆိုးတယ်။ မိုးရာသီမှာ တံတားတွေ ပျက်ပြီး မြေပြိုဖို့ကြောက်ရသလိုပဲ၊ ကားတွေ၊ ဆိုင်ကယ်တွေ မှောက်ဖို့လည်း ကြောက်ရတယ်” လို့ ပြောပါတယ်။

ဧရာ၀တီတိုင်းအပါအဝင် တခြားပြည်နယ်နဲ့ တိုင်းအချို့မှာ ပြီးခဲ့တဲ့ရက်တွေက မိုးကြီးခဲ့ပြီး နောက်ရက်မှာလည်း နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်တယ်လို့ မိုးလေဝသ နဲ့ ဇလဗေဒဦးစီးဌာန ဒီနေ့ ခန့်မှန်းထားပါတယ်။