
ဇွန်လ ၅ ရက်နေ့က ဓနုဖြူမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဖဲဝိုင်းထောင်တဲ့သူ အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ ဖန်ခါးကွင်းအုပ်စု၊ လာဘ်ပေးလဘ်ယူ လုပ်တယ်ဆိုတဲ့ ကဇွန်ကွင်းနဲ့ ကျဉ်ထိုးစက်တွေကို ငွေကောက်ခံပြီး လုပ်ခွင့်ပေးထားတယ်ဆိုတဲ့ တော်ကွဲ အုပ်စုတွေအပါအဝင် အုပ်စု ၉ ခုက အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
၀၈၊ ဇွန်လ။
ဓနုဖြူမြို့နယ် ဖန်ခါးကွင်းနဲ့ တော်ကွဲ ကျေးရွာအုပ်စုတွေက အုပ်ချုပ်ရေးမှူးတွေဟာ အုပ်ချုပ်ရေးမှူး သက်တမ်းတလမပြည့်ခင်မှာပဲ ငါးရှော့တိုက်ဖမ်းသူတွေကို လစဉ်ကြေးယူ ခွင့်ပြုပေးနေတယ်ဆိုပြီး အတိုင်ခံနေကြရတာပါ။
“သူတို့က လုပ်ခွင့်ပြုလို့ရတယ်တော့ ဘယ်ဟုတ်ပါ့မလဲ။ ဥပဒေရှိနေတာပဲလေ။ ဒါပေမယ့် အခုကာလထဲကျတော့ သူတို့ခွင့်ပြုထားတယ်ဆိုရင် တိုင်တာတောတာ မရှိရင် အဖမ်းမခံရတော့ဘူးပေါ့။ လိုင်းကြေးပေးပြီး လုပ်တဲ့သဘောပေါ့ ” လို့ တော်ကွဲကျေးရွာမှာနေထိုင်တဲ့ အင်းလုပ်ငန်း လုပ်ကိုင်သူ တဦးက ဆိုပါတယ်။
ဧရာဝတီတိုင်း ရေချိုငါးလုပ်ငန်းဥပဒေမှာ ပေါက်ကွဲ စေတတ်တဲ့ပစ္စည်း၊ အဆိပ်အတောက် ဓာတုပစ္စည်းနဲ့ ယင်းကဲ့သို့ အန္တရာယ်ရှိစေတဲ့ ပစ္စည်းဖြင့် ငါးဖမ်းခြင်း၊ ဘက်ထရီရှော့တိုက်၍ငါ းဖမ်းဆီးခြင်း၊ ပိုက်စိပ်များဖြင့် ငါးဖမ်းဆီးခြင်း၊ မျိုးသုဉ်းမှုမှ ကာကွယ်တားမြစ်ထားသော ငါးအမျိုးအစားများအား ဖမ်းဆီးခြင်း၊ တားမြစ် ထားသော အချိန်ကာလနဲ့ နေရာတို့တွင် ငါးဖမ်းခြင်းမပြုဖို့ တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာရေချိုငါးလုပ်ငန်း ဥပဒေအရ ငွေဒဏ်ကျပ် ၃၀ဝ၀ဝ အထိဖြစ်စေ၊ ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမယ်လို့ ဖော်ပြထားပါတယ်။
တော်ကွဲဒေသခံ ဖြစ်သူက “ ဖန်ခါးကွင်းတို့ တော်ကွဲတို့က လူတွေကတော့ ဆိုးပါတယ်။ သူတို့ အုပ်ချုပ်ရေးမှူး မဖြစ်ခင်ကတည်း ဖဲဝိုင်းအပါအဝင် လောင်းကစားဝိုင်းတွေ လုပ်ကြတယ်။ အခုအုပ်ကြီးဖြစ်လာတော့ ကျဉ်ထိုးစက်တွေကို ငွေယူပြီး လုပ်ခွင့်ပေးတာတွေ လုပ်လာတယ်။ တော်ကွဲဆို အင်းရွာလို့ ပြောလို့ရတယ် အဲ့ဒါကို ကျဉ်စက်တွေကို ခွင့်ပြုတယ်ဆိုတာမျိုးကျ လွန်လွန်းတာပေါ့ ” လို့ ပြောပါတယ်။
ဖန်ခါးကွင်းအုပ်စု အုပ်ချုပ်ရေးမှူးဟာလည်း ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ မလုပ်ခင် ကတည်းက သူ့ရဲ့နေအိမ်မှာ ဖဲဝိုင်းထောင်တာတွေ အပါအဝင် မူးယစ်ရမ်းကားတာတွေလည်း ပြုလုပ်ခဲ့ပြီး ရွေးချယ်ခံရပြီးနောက်မှာ ငါးကျဉ်ထိုးစက်တွေ အသုံးပြုဖို့ လစဉ်ကြေးကောက်ခံတာတွေ ပြုလုပ်လာခဲ့တယ်လို့ ဖန်ခါးကွင်း ဒေသခံ တဦးက ပြောပါတယ်။
သူက “ ကျွန်တော်တို့ တိုင်လိုက်လို့ ခေါ်စစ်တဲ့အထဲပါ သွားတာ။ ဒါပေမယ့် အခုထိ အဖြေသေချာ မသိရသေးဘူး။ ကျွန်တော်တို့ နားလည်ပါတယ်။ ဒီခေတ်ကြီးထဲမှာ အုပ်ချုပ်ရေးမှူးလုပ်ရတာ ဘယ်လောက်အန္တရာယ်များလဲ၊ နောက်ပြီး လုပ်စားတတ်ရင် ဘယ်လောက်ပိုက်ဆံရလဲဆိုတာ သိပါတယ်။ ဒါပေမယ့် ဘယ်သူလုပ်လုပ်ကွာလို့ ပစ်မထားနိုင်လို့ ဒီလိုမျိုး လောင်းကစားဝိုင်းထောင် အကျင့်ပျက်နေတဲ့ ကောင်မျိုးတွေကိုတော့ လက်မခံနိုင်လို့ တိုင်တာပါ ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က ဓနုဖြူမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဖဲဝိုင်းထောင်တဲ့သူ အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ ဖန်ခါးကွင်းအုပ်စု၊ လာဘ်ပေးလဘ်ယူ လုပ်တယ်ဆိုတဲ့ ကဇွန်ကွင်းနဲ့ ကျဉ်ထိုးစက်တွေကို ငွေကောက်ခံပြီး လုပ်ခွင့်ပေးထားတယ်ဆိုတဲ့ တော်ကွဲ အုပ်စုတွေအပါအဝင် အုပ်စု ၉ ခုက အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီလိုခေါ်ယူစစ်ဆေးတယ်ဆိုပေမယ့် ထူးခြားတဲ့ပြောင်းလဲမှုတွေ မရှိသေးတာကြောင့် လာဘ်ပေးလာဘ် ယူကိစ္စတွေနဲ့ ဒီအုပ်ချုပ်ရေးမှူးတွေ ဆက်လက်တည်မြဲနေမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
DNA က ရရှိထားတဲ့ အချက်အလက်တွေအရ ခေါ်စစ်ခံရတဲ့သူတွေဟာ အချက်အလက် တိတိကျကျနဲ့တိုင်ကြားခြင်း ခံရတဲ့သူတွေဖြစ်ပြီး အများစုဟာ အုပ်ချုပ်ရေးမှူးဖြစ်လာဖို့ လာဘ်ပေးလာဘ်ယူ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေနဲ့ တိုင်ကြားခံခဲ့ကြရတာ ဖြစ်ပါတယ်။