နှစ်ပေါင်း ၁၅၀ နီးပါးအတွင်း အင်အားအပြင်းဆုံး ငလျင် ကျူးဘားကမ်းလွန်မှာ လှုပ်ခတ်

တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ကာရစ်ဘီယံဒေသရဲ့ အဆိုပါ ဒေသအတွက်တော့ ပုံမှန်မဟုတ်ဘူးလို့ USGS က ငလျင်ဗေဒပညာရှင် ပေါလ်အားလ်က ပြောပါတယ်။

 

၉၊ ဇွန်။

 

တင်္နလာနေ့ကကျူးဘားနိုင်ငံ အနောက်မြောက်ဘက်ကမ်းလွန်မှာ သမိုင်းဝင် အင်အားပြင်းငလျင်တခုလှုပ်ခတ်သွားခဲ့တယ်လို့ တရားဝင်သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

အဆိုပါ ငလျင်ကြောင့် ပုံမှန်အားဖြင့် ငလျင်လှုပ်လေ့မရှိတဲ့ ကျူးဘား၊ မက္ကဆီကိုနဲ့ ဖလော်ရီဒါပြည်နယ်ရဲ့နေရာတော်တော်များများမှာ တုန်ခါမှုတွေ ဖြစ်သွားခဲ့ပါတယ်။

 

အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) ရဲ့ တိုင်းထွာချက်အရ ငလျင်ဟာ ပြင်းအား ၆.၁ မဂ္ဂနီကျုရှိပြီးအနက် ၂၆ ကီလိုမီတာ (၁၆ မိုင်) သာရှိတဲ့ စောက်တိမ်ငလျင်တခု ဖြစ်ပါတယ်။

 

ငလျင်ဗဟိုချက်ဟာ မြို့တော်ဟာဗားနားကနေ ကားနဲ့သွားရင် နှစ်နာရီကနေ လေးနာရီလောက် ကြာမယ့် ကျူးဘားနိုင်ငံ မန်တူအာမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၁၀၄ ကီလိုမီတာအကွာမှာ ဖြစ်ပွားခဲ့တာပါ။

 

တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ကာရစ်ဘီယံဒေသရဲ့ အဆိုပါ ဒေသအတွက်တော့ ပုံမှန်မဟုတ်ဘူးလို့ USGS က ငလျင်ဗေဒပညာရှင် ပေါလ်အားလ်က ပြောပါတယ်။

 

ငလျင်ဟာ ကမ္ဘာ့မြေပေါ်လွှာချပ်ရဲ့ အတွင်းပိုင်းမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီလိုနေရာမျိုးတွေမှာ လှုပ်တဲ့ငလျင်တွေဟာ မြေပေါ်လွှာချပ်အချင်းချင်း ထိစပ်နေတဲ့ အနားသတ်တွေမှာ လှုပ်တဲ့ငလျင်တွေထက်စာရင်ပြန့်ကျဲပြီး ဖြစ်ခဲလေ့ရှိတယ်လို့ သူက ထောက်ပြထားပါတယ်။

 

၁၈၈၀ ပြည့်နှစ်တုန်းက ကျူးဘားနိုင်ငံ ဆန်ခရစ်စတိုဘယ်လ်မြို့အနီးမှာ ပြင်းအား ၆.၀ မဂ္ဂနီကျုဒ့် ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း အခု တနင်္လာနေ့ငလျင်လှုပ်တဲ့နေရာရဲ့ ပတ်လည် မိုင် ၂၀၀ (၃၂၂ ကီလိုမီတာ) အတွင်းမှာ အခုလောက်အင်အားပြင်းတဲ့ငလျင်မျိုး တခါမှ မလှုပ်ခဲ့ဖူးဘူးလို့ ပေါလ်အားလ်က ဆိုပါတယ်။

 

အာဏာပိုင်တွေဘက်ကတော့ အခုထိ ကြီးကြီးမားမား ထိခိုက်ပျက်စီးတာ ဒါမှမဟုတ် လူသေဆုံးဒဏ်ရာရတာမျိုး သတင်းမထုတ်ပြန်သေးပါဘူး။

 

ဒါပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်းကြောင့် အဆောက်အအုံတွေတော်တော်လေး ပျက်စီးယိုယွင်းနေတဲ့ ကျူးဘားနိုင်ငံမှာတော့ ငလျင်ကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်သွားခဲ့ပါတယ်။

 

ဒါ့အပြင် အဆိုပါ ဒေသတခုလုံးမှာ လျှပ်စစ်မီးတွေ ဆက်တိုက်ပြတ်တောက်နေတာကြောင့် ဆက်သွယ်ရေးလုပ်ဖို့လည်း အခက်အခဲဖြစ်နေပါတယ်။

 

“ငလျင်က တော်တော်ပြင်းတယ်။ ဒီလိုမျိုး တခါမှမကြုံဖူးဘူး” လို့ ကျူးဘားနိုင်ငံအနောက်ပိုင်း ပီနာဒယ်လ်ရီယိုမြို့က အသက် ၄၄ နှစ်အရွယ် ယူစမီလာ ဟာနန်ဒက်ဇ်က ပြောပါတယ်။

 

“လူတွေအပြင်ကို ပြေးထွက်ကုန်ကြတယ်၊ အားလုံးလည်း လန့်သွားကြတာပေါ့။ ကျွန်မ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။ ဒီမှာ အရင်ကလှုပ်ဖူးတဲ့ ငလျင်တွေနဲ့ လုံးဝမတူသလိုပဲ” လို့ ဟာနန်ဒက်ဇ်က ဆက်ပြောပါတယ်။

 

ငလျင်ရဲ့တုန်ခါမှုကို ဖလော်ရီဒါပြည်နယ်မှာလည်း ခံစားခဲ့ရတယ်လို့ USGS က ထုတ်ပြန်ပါတယ်။ မက္ကဆီကိုနိုင်ငံမှာဆိုရင် ယူကာတန်ကျွန်းဆွယ်ပေါ်က ကမ္ဘာလှည့်ခရီးသွားတွေ အဓိကလာရောက်တဲ့ ကန်ကွန်၊ ပလာယာဒယ်လ်ကာမင်နဲ့ တူလန်မြို့တွေမှာပါ ငလျင်ဒဏ်ကို ခံစားခဲ့ရတာပါ။

 

အင်အားပြင်းငလျင်တွေ လှုပ်ခတ်လေ့မရှိတာကြောင့် ငလျင်ဒဏ်ကို မကြုံဖူးတဲ့ ကန်ကွန်မြို့လယ်က ဒေသခံတွေနဲ့ ရုံးဝန်ထမ်းတွေဟာ အဆောက်အအုံတွေထဲကနေ အပြင်ကို ဘေးလွတ်ရာ စွန့်ခွာပြေးခဲ့ကြပါတယ်။

 

မက္ကဆီကိုနိုင်ငံရဲ့ ယူကာတန်နဲ့ ကင်တားနားရူး ပြည်နယ်တွေမှာ အရေးပေါ်လုပ်ငန်းစဉ်တွေကို ချက်ချင်းအကောင်အထည်ဖော်ခဲ့ပေမဲ့ လောလောဆယ်အထိတော့ ပျက်စီးဆုံးရှုံးမှု သတင်းတွေ မရသေးဘူးလို့ပြည်နယ်အုပ်ချုပ်ရေးမှူးနှစ်ဦးစလုံးက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထားပါတယ်။

 

အမေရိကန် အမျိုးသားမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဆူနာမီသတိပေးချက် ဒါမှမဟုတ် စောင့်ကြည့်ဖို့ ထုတ်ပြန်ချက်မျိုး ဘာမှမရှိခဲ့ပါဘူး။

 

Ref – Reuters