
Anthropic ကုမ္ပဏီကတော့ အစိုးရကို အစုရှယ်ယာတွေ ပေးအပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ မရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။
၅၊ ဇွန်။
အမေရိကန်အစိုးရရဲ့ အဆင့်မြင့်အရာရှိတွေဟာ AI ကုမ္ပဏီကြီးတွေရဲ့ အစုရှယ်ယာအချို့ကို အစိုးရက ဝယ်ယူနိုင်ခြေ ရှိ မရှိနဲ့ပတ်သက်ပြီး အဆိုပါ ကုမ္ပဏီတွေနဲ့ ပဏာမဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒစ်ဂျစ်တယ်သတင်းဌာနတခုဖြစ်တဲ့ NOTUS က ဒီကိစ္စကို သိရှိနားလည်ထားသူ သုံးဦးကို ကိုးကားပြီး ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။
အစီအစဉ်ဟာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်တွေက ပြောင်းလဲနိုင်ခြေရှိနေသေးပေမဲ့ အဓိကဆွေးနွေးမှုတွေကတော့ အဆိုပါ ကုမ္ပဏီတွေဘက်ကနေ အစိုးရကို အစုရှယ်ယာတွေ ဆန္ဒအလျောက် လွှဲပြောင်းပေးဖို့အပေါ် အခြေခံထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုကနေ ရရှိလာမယ့် အကျိုးအမြတ်တွေကိုတော့ အမေရိကန်အိမ်ထောင်စုအားလုံးကို အစုရှယ်ယာအမြတ်ငွေ ခွဲဝေပေးတာမျိုးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေအတွက် အသုံးပြုသွားနိုင်တယ်လို့လည်း သတင်းက ဆိုပါတယ်။ ရိုက်တာ သတင်းဌာနအနေနဲ့တော့ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းကို ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။
သတင်းဟာ OpenAI နဲ့ Anthropic ကုမ္ပဏီတို့က အကြီးအကျယ်အောင်မြင်မယ့် အများပိုင်ကုမ္ပဏီအဖြစ် ရှယ်ယာပထမဆုံးအကြိမ် ထုတ်ရောင်းခြင်း (IPO) အတွက် ပြင်ဆင်နေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
OpenAI ဟာ IPO အတွက် လျှို့ဝှက်လျှောက်ထားဖို့ ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းဌာနက အရင်က ဖော်ပြခဲ့ဖူးပြီး Claude ကို ထုတ်လုပ်တဲ့ Anthropic ကုမ္ပဏီကတော့ တနင်္လာနေ့မှာ အမေရိကန် IPO အတွက် တိတ်တဆိတ် လျှောက်ထားခဲ့ပြီး ဖြစ်ပါတယ်။
OpenAI ရဲ့ အမှုဆောင်ချုပ် ဆမ် အော့တ်မန်းဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယအကြိမ် သက်တမ်းစတင်ကတည်းက ဒီအယူအဆကို အစိုးရအရာရှိတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အော့တ်မန်းဟာ ဒီကိစ္စကို ၂၀၂၅ခုနှစ်က ထရမ့်ဆီကို တိုက်ရိုက်ပထမဆုံးအကြိမ် တင်ပြခဲ့တာဖြစ်ပြီး AI ရဲ့ စီးပွားရေးဆိုင်ရာအကျိုးကျေးဇူးတွေကို ပြည်သူတွေထဆီ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ခွဲဝေပေးနိုင်မယ့် နည်းလမ်းတခုအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ အစိုးရအဖွဲ့ရဲ့ အဆင့်မြင့်အရာရှိတွေနဲ့ ထပ်မံဆွေးနွေးခဲ့တယ်လို့ NOTUS က ဆိုပါတယ်။
အမေရိကန်နိုင်ငံမှာ ချစ်ပ်စက်ရုံတွေ တည်ဆောက်မှုကို လှုံ့ဆော်ဖို့အတွက် ဖက်ဒရယ်ချေးငွေ အာမခံချက်တွေ ရရှိနိုင်ခြေနဲ့ပတ်သက်ပြီး OpenAI ဟာ အမေရိကန်အစိုးရနဲ့ စကားပြောဆိုခဲ့ဖူးပေမဲ့ သူတို့ရဲ့ ဒေတာစင်တာတွေ တည်ဆောက်ဖို့အတွက်တော့ အမေရိကန်အစိုးရရဲ့ အာမခံချက်ကို တောင်းခံထားတာတော့ မရှိဘူးလို့ ၂၀၂၅ ခုနှစ်မှာ အော့တ်မန်းက ပြောခဲ့ပါတယ်။
Anthropic ကုမ္ပဏီကတော့ အစိုးရကို အစုရှယ်ယာတွေ ပေးအပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ မရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။
OpenAI၊ Anthropic နဲ့ အိမ်ဖြူတော်တို့ဟာ NOTUS သတင်းအပေါ် မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနရဲ့ တောင်းဆိုချက်တွေကို ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
ထရမ့်ဟာ ထိပ်တန်း AI တီထွင်သူတွေအနေနဲ့ သူတို့ရဲ့စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေကို အများပြည်သူဆီ မချပြမီ အစိုးရရဲ့ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေအတွက် ဆန္ဒအလျောက် တင်ပြကြဖို့ တောင်းဆိုထားတဲ့ အမှုဆောင်အမိန့်တရပ်ကို အင်္ဂါနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အစိုးရအဖွဲ့ဟာ ကွမ်တမ်ကွန်ပျူတာ ကုမ္ပဏီကိုးခုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖိုးရှိတဲ့ အစုရှယ်ယာတွေကို ရယူသွားမယ်လို့ မေလတုန်းက ပြောကြားခဲ့ပါတယ်။
Ref – Reuters