ထိုင်ဝမ်သွားတဲ့ နယူးဇီလန်လွှတ်တော်အမတ်တွေကို တရုတ်က ပြည်ဝင်ခွင့်ပိတ်ပင်

တရုတ်နိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို သူတို့ပိုင်နက်ရဲ့ အစိတ်အပိုင်းတခုအဖြစ် ကြေညာထားပြီး အဆိုပါ ဒီမိုကရေစီကျွန်းနိုင်ငံအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားတာနဲ့ တခြားနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံတာတွေကို ကန့်ကွက်နေတာ ဖြစ်ပါတယ်။

 

၅၊ မေ။

 

နယူးဇီလန်လွှတ်တော်အမတ်တစုဟာ ပြီးခဲ့တဲ့ မေလတုန်းက ထိုင်ဝမ်ကို သွားရောက်ခဲ့တာကြောင့် သူတို့ကို တရုတ်နိုင်ငံထဲ ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တယ်လို့ ဘေကျင်းက ဇွန်လ ၄ ရက်၊ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပြီး ဒါဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

 

ပါတီစုံကိုယ်စားလှယ်အဖွဲ့ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ သွားရောက်ခဲ့တဲ့ လွှတ်တော်အမတ် လေးဦးကို အခုလို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တဲ့အပေါ် နယူးဇီလန်နိုင်ငံဘက်က စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး လွှတ်တော်အမတ်တွေဟာထိုင်ဝမ်ကို သွားရောက်လည်ပတ်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

 

ဒါပေမဲ့ ဝယ်လင်တန်မြို့ရှိ တရုတ်သံရုံးကတော့ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်ဆီသွားရောက်ဖို့ ထပ်ခါတလဲလဲသတိပေးချက်တွေကို အရေးမစိုက်ဘဲ သွားရောက်ခဲ့တာဖြစ်ပြီး အဲဒီမှာ ထိုင်ဝမ် ဒုသမ္မတ ရှောင်ဘီခင်နဲ့ တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။

 

“ဒီလွှတ်တော်အမတ်တွေရဲ့ လုပ်ရပ်ဟာ တရုတ်တနိုင်ငံတည်းမူဝါဒကို ချိုးဖောက်တာဖြစ်သလို တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာလည်း ဖြစ်တယ်” လို့ သံရုံးပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

ဘေကျင်းဟာ တရုတ်နိုင်ငံရဲ့ တခုတည်းသော တရားဝင်အစိုးရဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်ကို ရည်ညွှန်းပြီး ပြောခဲ့တာပါ။

 

“ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး စည်းနီတားထားတာကို ဘယ်သူပဲဖြစ်ဖြစ် ကျော်ဖြတ်လာရင် အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်”လို့လည်း ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။

 

တရုတ်နိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို သူတို့ပိုင်နက်ရဲ့ အစိတ်အပိုင်းတခုအဖြစ် ကြေညာထားပြီး အဆိုပါ ဒီမိုကရေစီကျွန်းနိုင်ငံအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားတာနဲ့ တခြားနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံတာတွေကို ကန့်ကွက်နေတာ ဖြစ်ပါတယ်။

 

နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး ဝင်စတန် ပီတာစ်ရဲ့ ရုံးအဖွဲ့ကတော့ ခရီးစဉ်ဟာ ဒီမိုကရေစီကျွန်းနိုင်ငံရဲ့ အဆင့်အတန်းနဲ့ပတ်သက်ပြီး အစိုးရရဲ့ ရပ်တည်ချက်ကို ချိုးဖောက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

 

“နယူးဇီလန် လွှတ်တော်အမတ်တွေဟာ ပြည်ပခရီးစဉ် ဖိတ်ကြားချက်တွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့မသက်ဆိုင်ဘဲ မိမိတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို လွတ်လပ်စွာ ချမှတ်ပိုင်ခွင့် ရှိတယ်”လို့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

 

ဝယ်လင်တန်အနေနဲ့ ထိုင်ဝမ်နဲ့ သံတမန်ရေးအရ ဆက်ဆံရေးမရှိပေမဲ့လည်း “ဒါဟာ နယူးဇီလန်အနေနဲ့ ကုန်သွယ်ရေး၊စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ တိုင်းရင်းသား မျိုးနွယ်စုဆိုင်ရာ ဖလှယ်မှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ ပိတ်ပင်တားဆီးထားတာမျိုး မဟုတ်ဘူး” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

 

“ဒီဖလှယ်မှုတွေဟာ နယူးဇီလန်ပြည်သူတွေအတွက် အကျိုးရှိစေပြီး တရုတ်တနိုင်ငံတည်းမူဝါဒနဲ့လည်း လုံးဝကိုက်ညီနေတဲ့အတွက် ဒါတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်”လို့ ပြောပါတယ်။

 

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်ကလည်း အခုလို ပိတ်ပင်မှုတွေအပေါ် ဩစတြေးလျအစိုးရအနေနဲ့ စိုးရိမ်ပူပန်မိကြောင်းနဲ့ သံတမန်တွေဟာ အဆိုပါကိစ္စကို တရုတ်ဘက်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း သူတို့နိုင်ငံရဲ့ အထက်လွှတ်တော် ကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပိတ်ပင်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ပြောကြားခဲ့ပြီး သူတို့ရဲ့နိုင်ငံတကာ ဆက်ဆံရေးမှာ တရုတ်နိုင်ငံအနေနဲ့ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။

 

Ref – AFP