ကွန်ဂိုမှာ အီဘိုလာရောဂါအသစ်ကြောင့် လူ ၆၅ ဦး သေဆုံး

သိပ္ပံပညာရှင်တွေက လက်ရှိကွန်ဂိုမှာ ဖြစ်ပွားနေတဲ့ ရောဂါကူးစက်မှုကို ဘယ်ဗိုင်းရပ်စ်က အဓိက တွန်းအားပေးနေလဲဆိုတာအတိအကျသိရဖို့ ကြိုးစားနေကြပါတယ်။

 

 

၁၆၊ မေ။

 

အာဖရိကရဲ့ ထိပ်တန်းပြည်သူ့ကျန်းမာရေးအဖွဲ့ကြီးက ကွန်ဂိုနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ အီတူရီ ပြည်နယ်မှာ အီဘိုလာရောဂါအသစ် ထပ်မံကူးစက်ပျံ့နှံ့နေတာကို သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။

 

အခုအချိန်အထိ ရောဂါကူးစက်ခံရတဲ့ သံသယရှိသူ ၂၄၆ ဦးနဲ့ သေဆုံးသူ ၆၅ ဦးအထိ ရှိနေတယ်လို့ မှတ်တမ်းတင်ထားပါတယ်။

 

အိမ်နီးနားချင်းဖြစ်တဲ့ ယူဂန်ဒါနိုင်ငံကလည်း ကွန်ဂိုနိုင်ငံဘက်ကနေ ကူးစက်လာတာလို့ ယူဆရတဲ့ အီဘိုလာလူနာတဦး သေဆုံးခဲ့ကြောင်း နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

 

အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနရဲ့ ထုတ်ပြန်ချက်အရ သေဆုံးမှုတွေနဲ့ သံသယရှိတဲ့လူနာတွေကို မွန်ဂွာလူနဲ့ ရမ်ပါရာကျန်းမာရေးဇုန်တွေမှာ အဓိက မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

 

သေဆုံးသူ ၆၅ ဦးဟာ ရောဂါကူးစက်မှုကြောင့်လို့ ယူဆရပြီး အဲဒီအထဲက လေးဦးမှာ ရောဂါပိုးရှိကြောင်း ဓာတ်ခွဲခန်းမှာအတည်ပြုနိုင်ခဲ့ပြီလို့ အဆိုပါအဖွဲ့က ပြောပါတယ်။

 

အီဘိုလာရောဂါဟာ ကူးစက်နိုင်ခြေ အရမ်းမြင့်မားပြီး အန်ဖတ်၊ သွေး သို့မဟုတ် သုတ်ရည်စတဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကတဆင့် ကူးစက်နိုင်ပါတယ်။

 

ဖြစ်ပွားစေတဲ့ ရောဂါဝေဒနာဟာ အဖြစ်နည်းပေမဲ့လည်း ပြင်းထန်ပြီး အသက်အန္တရာယ် ဆုံးရှုံးရတဲ့အထိ ဖြစ်တတ်ပါတယ်။

 

သိပ္ပံပညာရှင်တွေက လက်ရှိကွန်ဂိုမှာ ဖြစ်ပွားနေတဲ့ ရောဂါကူးစက်မှုကို ဘယ်ဗိုင်းရပ်စ်က အဓိက တွန်းအားပေးနေလဲဆိုတာအတိအကျသိရဖို့ ကြိုးစားနေကြပါတယ်။

 

အီဘိုလာ ဇိုင်ယာ မျိုးကွဲလို့လည်း လူသိများတဲ့ အီဘိုလာဗိုင်းရပ်စ်ဟာ ကွန်ဂိုရဲ့ အရင်ကူးစက်မှုတွေမှာ အဓိကဖြစ်ပွားခဲ့တာပါ။

 

အခုအချိန်အထိ ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ အီဘိုလာ ဇိုင်ယာမျိုးကွဲ မဟုတ်ဘဲ တခြားမျိုးကွဲတခု ဖြစ်နိုင်တယ်လို့ ညွှန်ပြနေပြီး ပိုပြီး ရှင်းရှင်းလင်းလင်း သိရဖို့ မျိုးရိုးဗီဇ စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနက ပြောပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ အီဘိုလာရောဂါဟာ ဗိုင်းရပ်စ်အုပ်စုတခုကြောင့် ဖြစ်ပွားရတာဖြစ်ပြီး အဲဒီအထဲက ဗိုင်းရပ်စ် သုံးမျိုးဖြစ်တဲ့ အီဘိုလာဗိုင်းရပ်စ်၊ ဆူဒန်ဗိုင်းရပ်စ်နဲ့ ဘန်ဒီဘူဂျို ဗိုင်းရပ်စ်တို့ဟာ အကြီးအကျယ် ကူးစက်ပျံ့နှံ့မှုတွေကို ဖြစ်စေတတ်တယ်လို့ သိရပါတယ်။

 

ယူဂန်ဒါနိုင်ငံဟာ ကွန်ဂိုအမျိုးသားတဦး မကွယ်လွန်မီ သုံးရက်အလိုက ကမ်ပါလာမြို့ရှိ ဆေးရုံတခုမှာ တက်ရောက်ကုသခဲ့တဲ့ အီဘိုလာလူနာတဦးအကြောင်း သောကြာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

တာဝန်ရှိသူတွေက ဒါဟာ ကွန်ဂိုနိုင်ငံကနေ ကူးစက်ဝင်ရောက်လာတာဖြစ်ပြီး ယူဂန်ဒါနိုင်ငံတွင်းမှာတော့ ပြည်တွင်းကူးစက်မှုမျိုးမရှိသေးဘူးလို့ ပြောပါတယ်။

 

အိမ်နီးနားချင်း ကွန်ဂိုနိုင်ငံက အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုကို အတည်ပြုပြီးတဲ့နောက် ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနကအဆိုပါလူနာ ကွယ်လွန်ပြီးမှ သောကြာနေ့မှာ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီလူနဲ့ ထိတွေ့ဆက်ဆံခဲ့သူ အားလုံးကိုလည်း သီးသန့်ခွဲထားပြီး စောင့်ကြည့်နေသလို ကွယ်လွန်သူရဲ့ ရုပ်အလောင်းကို ကွန်ဂိုနိုင်ငံဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ အဆိုပါ ဌာနက ပြောပါတယ်။

 

အဆိုပါလူနာမှာ ယူဂန်ဒါနိုင်ငံမှာ ဒေသတွင်းစွဲ ရောဂါအဖြစ် ရှိနေတတ်တဲ့ ဘန်ဒီဘူဂျို ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

 

ကွန်ဂိုနိုင်ငံမှာ ကုသရေးပစ္စည်းတွေအပြင် ဧဗာဗို အီဘိုလာကာကွယ်ဆေး အလုံးရေ ၂,၀၀၀ နီးပါး စုဆောင်းထားရှိတယ်လို့WHO က ပြီးခဲ့တဲ့နှစ်က ပြောခဲ့ပါတယ်။

 

ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အဆိုအရ ဧဗာဗို ကာကွယ်ဆေးဟာ အပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ အီဘိုလာ ဇိုင်ယာမျိုးကွဲအပေါ်မှာ ထိရောက်မှုရှိပေမဲ့ ဆူဒန်ဗိုင်းရပ်စ် ဒါမှမဟုတ် ဘန်ဒီဘူဂျို ဗိုင်းရပ်စ်တွေအပေါ်မှာတော့ ထိရောက်မှုမရှိဘူးလို့ သိရပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရိုစ်က ကွန်ဂိုနိုင်ငံရဲ့ ရောဂါကူးစက်မှုကို စုံစမ်းစစ်ဆေးဖို့နဲ့ နမူနာတွေ ကောက်ယူဖို့အတွက် ပြီးခဲ့တဲ့အပတ်က အဖွဲ့တဖွဲ့ကို စေလွှတ်ခဲ့တယ်လို့ သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

 

ပထမထွက်ပေါ်လာတဲ့ ရလဒ်တွေမှာ အီဘိုလာလို့ အတည်မပြုနိုင်ခဲ့ပေမဲ့ ကြာသပတေးနေ့က ပြုလုပ်တဲ့ အသစ်တဖန်ခွဲခြမ်းစိတ်ဖြာမှုမှာတော့ အတည်ပြုနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

 

ကွန်ဂိုနိုင်ငံဟာ အီဘိုလာရောဂါ တုံ့ပြန်ရေးနဲ့ ထိန်းချုပ်ရေးအပိုင်းမှာ ကောင်းမွန်တဲ့ မှတ်တမ်းတွေ ရှိခဲ့တယ်လို့ တက်ဒရိုစ်ကပြောခဲ့ပြီး ကွန်ဂိုရဲ့ ရောဂါတုံ့ပြန်ရေး လုပ်ငန်းတွေကို ကူညီဖို့အတွက် WHO က အမေရိကန်ဒေါ်လာ ငါးသိန်း ထုတ်ပေးနေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

အခုနောက်ဆုံး ကူးစက်မှုဟာ ကွန်ဂိုနိုင်ငံရဲ့ ပြီးခဲ့တဲ့ အီဘိုလာကူးစက်မှုအတွင်း လူ ၄၃ ဦး သေဆုံးခဲ့ပြီးနောက် အဆိုပါ ရောဂါပိုးပြီးဆုံးသွားပြီလို့ ကြေညာခဲ့ပြီး ငါးလလောက်အကြာမှာ ထပ်မံပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

 

Ref – AP