အမတ ၃၄၄ နားက ကာကင်းစခန်းနောက်တခု ထပ်သိမ်း၊ ဆက်လက်ထိုးစစ်ဆင်နေ

အဲဒီတိုက်ပွဲတွေကြောင့် အမတ ၃၄၄ တပ်ရင်းထဲက စစ်ကော်မရှင်တပ်အရာရှိအချို့နဲ့ တပ်မိသားစုဝင်တွေ တိမ်း ရှောင်နေကြတာတွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

၁၆၊ မေ။

ဧရာ၀တီတိုင်း ရေကြည်မြို့နယ် မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ ကနေ ရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို အာရက္ခတပ်တော်(AA)နဲ့ ဒေသခံ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အခု ရက်ပိုင်းအတွင်း ကာကင်းစခန်း  လေးခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့ စခန်းတခု ထပ်ရတယ်။ ၁၃ ရက်နေ့က သုံးခု၊ ဒီနေ့တခုနဲ့ဆိုရင် လေးခုရှိပြီး စခန်းရထားတာ။ ဒီကောင်တွေ အောက်ဆင်းပြေးကြပြီ၊ ၃၄၄ ထဲ ဝင်ပြေးကြတယ်။ ကိုယ့်လူတွေလည်း ဝိုင်းပြီး ဆက်တိုက်နေတယ်” မြေပြင်မှာ ရှိ နေတဲ့ AA နဲ့ နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အဲဒီ အမတ ၃၄၄ အနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေခဲ့တာ ဖြစ်ပြီး အခုရက်ပိုင်းမှာ အာရက္ခတပ်တော်နဲ့ ဒေသခံ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ထိုးစစ်အသွင်နဲ့ အရှိန်မြှင့် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာ အမတ ၃၄၄ ထဲကနေ အနီးဝန်းကျင် လူကျေးရွာတွေနဲ့ တောတောင်တွေဆီ လက်နက်ကြီးတွေ ပစ်ခတ် နေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အမတ ၃၄၄ အနီးမှာ နေထိုင်တဲ့ ငသိုင်းချောင်းဒေသခံတဦးက “တိုက်ပွဲတော်တော်ပြင်းတယ်ဗျ။ ဒီနေ့တောင် ပုသိမ်ဘက်က ဖိုက်တာနှစ်စီးလာသွားတယ်။ တိုက်ပွဲက ရိုးတောင်ခြေမှာဖြစ်တာ။ အမတနဲ့ တော်တော်နီးနေပြီ။ ကာကင်းအကြီးတွေ မရှိတော့ဘူး။ တပ်ရင်းထဲက ကာကင်းတွေပဲ ကျန်တော့တယ်ပြောရမယ်” လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် အမတ ၃၄၄ တပ်ရင်းထဲက စစ်ကော်မရှင်တပ်အရာရှိအချို့နဲ့ တပ်မိသားစုဝင်တွေ တိမ်း ရှောင်နေကြတာတွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

စစ်တပ်ဟာ ရေကြည်မြို့နယ်အပြင် အင်္ဂပူမြို့နယ်ကနေလည်း ရိုးမပေါ် စစ်ကြောင်းထိုးနေပြီး ရိုးမတောင်ခြေ ကွင်းကောက်အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

စစ်တပ်အနေနဲ့ အဲဒီလို စစ်ကြောင်းထိုး၊ ရှေ့တိုးတာတွေ ဆက်တိုက်လုပ်နေပေမယ့် လက်လွှတ်ထားရတဲ့ နယ် မြေတွေ သိမ်းနိုင်တာ မရှိဘူးလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“သူတို့(စစ်တပ်)ရည်ရွယ်ချက်က နယ်မြေတွေပြန်သိမ်းမယ်၊ ရခိုင်ဘက်ထိ စစ်ကြောင်းထိုးဖို့ ကြိုးစားတာ။ အင်္ဂပူဘက်မှာ သစ်ထုတ်တဲ့ လမ်းတွေရှိတယ်။ အဲဒီကနေ တက်ဖို့လုပ်ကြတာ။ ဒါပေမယ့် ဒီဘက်ကလည်း တားထားတယ်လေ” လို့ လေးမျက်နှာမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောထားပါတယ်။

စစ်တပ်ဟာ သူတို့စိတ်ကြိုက်ကျင်းပတဲ့ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အစိုးရသစ်လက်ထက်မှာ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ လေကြောင်း၊ ကြည်းကြောင်း အင်အားအလုံးအရင်း သုံးကာ ကြိုးစားလာနေတာ ဖြစ်ပါတယ်။

ပုသိမ် – မုံရွာလမ်းမကြီး တလျှောက်နဲ့ ရေကြည်မြို့နယ် မြောက်စမ်းအမြောက်တပ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်း ထန်နေတာကြောင့် စစ်တပ်ဘက်က အင်္ဂပူမြို့နယ် ကွင်းကောက်ရှိ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်း တတက(၅)မှာ အင်အားရာချီဖြည့်ကာ ခံစစ်လုပ်နေတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ပြော ထားကြပါတယ်။

ဧရာ၀တီတိုင်း လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တို့မှာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က တပ်အရာရှိတွေအပါအဝင် တပ်သားအကျအဆုံးတွေ အများအပြား ရှိနေပြီး ပုသိမ်အနောက်တောင်တိုင်းစစ်ဌာန ချုပ် (နတခ)၊ ကျုံပျော်ခလရ ၃၆ ၊ဟင်္သာတ ခလရ ၁၈ အပြင် အခြား အခြေစိုက်တပ်ရင်းတွေဆီကလည်း အင်အားဖြည့် တင်းပေးနေရတယ်လို့ သိရပါတယ်။

ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေ ရှိနေသလို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးရတာ၊ သူတို့ရဲ့ တောင်ယာ၊ စိုက်ခင်းတွေ မလုပ်နိုင်တာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်တာ စတဲ့အခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။