ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားခဲ့တဲ့ သင်္ဘော နယ်သာလန်နိုင်ငံကို ဦးတည်ထွက်ခွာ

မေလ ၂ ရက်နေ့မှာ ခရီးသည်တွေကြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေ ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ WHO ကို ပထမဆုံး သတင်းပို့ခဲ့စဉ်က MV Hondius သင်္ဘောပေါ်မှာ နိုင်ငံပေါင်း ၂၃ နိုင်ငံက ခရီးသည်နဲ့ ဝန်ထမ်း စုစုပေါင်း ၁၄၇ ဦးပါရှိနေတာပါ။

၁၂၊ မေ။

ဟန်တာဗိုင်းရပ်စ်ကူးစက်မှုဒဏ် ခံခဲ့ရတဲ့ MV Hondius အပျော်စီးသင်္ဘောဟာ နောက်ဆုံးကျန်နေတဲ့ ခရီးသည် ခြောက်ဦးနဲ့သင်္ဘောဝန်ထမ်းအချို့ကို တီနီရိဖ်ကျွန်းကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပြီးတဲ့နောက် တနင်္လာနေ့မှာ စပိန်နိုင်ငံကနေ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။

ဝင်ရိုးစွန်းဒေသလေ့လာရေး ခရီးစဉ်တွေ သွားလေ့ရှိတဲ့ အဆိုပါ သင်္ဘောပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ ခရီးသည်တွေကတော့ သြစတြေးလျနိုင်ငံသား လေးဦး၊ သြစတြေးလျမှာ နေထိုင်တဲ့ ဗြိတိန်နိုင်ငံသား တဦးနဲ့ နယူးဇီလန်နိုင်ငံသား တဦးတို့ ဖြစ်ပါတယ်။

သူတို့နဲ့အတူ သင်္ဘောဝန်ထမ်း ၁၉ ဦးနဲ့ ဆရာဝန် နှစ်ဦးတို့ဟာ ဂရန်နာဒီလာ ဒီ အာဘိုနာ ဆိပ်ကမ်းမှာ ခေတ္တဆိုက်ကပ်ပြီး သင်္ဘောပေါ်ကနေ ဆင်းခဲ့ကြပါတယ်။ အဲဒီနောက် သင်္ဘောဟာ ဝန်ထမ်း ၂၅ ဦး၊ ဆရာဝန်တဦးနဲ့ သူနာပြုတဦးတို့ကို တင်ဆောင်ပြီး နယ်သာလန်ကို ဆက်လက်ထွက်ခွာသွားပါတယ်။

တီနီရိဖ်မှာ ဆင်းခဲ့တဲ့ ခရီးသည်တွေနဲ့ ဝန်ထမ်းတွေဟာ ဘတ်စ်ကားတွေနဲ့ ဒေသန္တရလေဆိပ်ကို သွားခဲ့ကြပြီး အဲဒီကနေတဆင့်နယ်သာလန်ကို ပျံသန်းမယ့် လေယာဉ်နှစ်စင်းနဲ့ ဆက်လက် ထွက်ခွာသွားတယ်လို့ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“တာဝန်အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ ကျွန်မတို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အခုလေးတင် အဆုံးသတ်လိုက်ပြီး သင်္ဘောကလည်း စတင်ထွက်ခွာသွားပါပြီ” လို့ စပိန်ကျန်းမာရေးဝန်ကြီး မော်နီကာ ဂါစီယာက ဆိုပါတယ်။

သင်္ဘောဝန်ထမ်းတွေကတော့ နယ်သာလန်မှာပဲ သီးသန့်နေထိုင်ရမယ့် အစီအစဉ်နဲ့ ဆက်နေရမှာဖြစ်တယ်လို့ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ခရီးသည်တွေကို တင်ဆောင်လာတဲ့ လေယာဉ်ကတော့ သြစတြေးလျကို ဆက်လက်ပျံသန်းမှာဖြစ်ပြီး သူတို့ကို ဘယ်နေရာမှာ ကွာရန်တင်းထားမယ်ဆိုတာကိုတော့ သြစတြေးလျအစိုးရကပဲ ဆုံးဖြတ်မှာဖြစ်တယ်လို့ ဂါစီယာက ပြောပါတယ်။ အခုလို သင်္ဘောပေါ်ကနေ ဆင်းခွင့်ပြုလိုက်တာဟာ ရှုပ်ထွေးလှတဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တစ်ခု ပြီးဆုံးသွားတာလည်း ဖြစ်ပါတယ်။

MV Hondius သင်္ဘော အာဂျင်တီးနားတောင်ပိုင်းကနေ စတင်ထွက်ခွာလာပြီး ၄၁ ရက်အကြာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ကူးစက်မှုကို ပထမဆုံး စစ်ဆေးတွေ့ရှိပြီး ကိုးရက်အကြာမှာ လူပေါင်း ၉၄ ဦးကို ကယ်ထုတ်ပြီး သူတို့နေရပ်နိုင်ငံတွေဆီ ပြန်ပို့ပေးနိုင်ခဲ့တာပါ။

သင်္ဘောပေါ်မှာ ဗိုင်းရပ်စ်စတင်ကူးစက်ကတည်းက နယ်သာလန်ဇနီးမောင်နှံနှစ်ဦးနဲ့ ဂျာမနီနိုင်ငံသားတစ်ဦး၊ စုစုပေါင်း သုံးဦးသေဆုံးခဲ့ပါတယ်။

အဆိုပါ ဗိုင်းရပ်စ်ဟာ များသောအားဖြင့် တောရိုင်းကြွက်တွေဆီကနေ ပြန့်ပွားတာဖြစ်ပေမဲ့ လူချင်း အနီးကပ်ထိတွေ့မှုရှိရင်တော့တဦးနဲ့တဦး ကူးစက်နိုင်ခြေ အလွန်နည်းပေမဲ့ ကူးစက်နိုင်တယ်လို့ သိရပါတယ်။

ခရီးသည်တွေကို သင်္ဘောပေါ်မှာပဲ ကွာရန်တင်းထားမယ့်အစား တီနီရိဖ်ကျွန်းမှာ ဆင်းခိုင်းလိုက်တာဟာ လူထုဘေးကင်းရေးနဲ့ခရီးသည်တွေရဲ့ စိတ်ကျန်းမာရေးကို မျှတအောင် စဉ်းစားပေးတာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်က တီနီရိဖ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ခရီးသည်အချို့ဆိုရင် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေတောင် ဖြစ်ခဲ့ပါတယ်။ သေးငယ်တဲ့ အခန်းကျဉ်းလေးထဲမှာ သီတင်းပတ်ပေါင်းများစွာ ပိတ်မိနေရတာဟာ အရမ်းခက်ခဲပါတယ်။ ဒါကြောင့် အခုလိုလုပ်ပေးတာဟာ ကျွန်တော်တို့မှာရှိတဲ့ အကောင်းဆုံးနဲ့တခုတည်းသော ရွေးချယ်စရာပါပဲ” လို့ တက်ဒရိုစ်က ပြောပါတယ်။

သင်္ဘောကပ္ပတိန် ဂျန် ဒိုဘရိုဂေါစကီးကတော့ ခရီးသည်တွေနဲ့ ဝန်ထမ်းတွေရဲ့ သည်းခံနိုင်မှုနဲ့ စည်းကမ်းရှိမှုကို ချီးကျူးခဲ့ပါတယ်။

“ဒီလို အခြေအနေဆိုးမျိုးမှာ အခုလို အဖော်မွန်ကောင်းတဲ့ ခရီးသည်တွေ၊ ဝန်ထမ်းတွေနဲ့အတူ ခရီးသွားရမယ်လို့ ကျွန်တော် စိတ်တောင်မကူးဖူးပါဘူး”လို့ သင်္ဘောလိုင်းဖြစ်တဲ့ Oceanwide Expeditions ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ သူက ပြောထားပါတယ်။

အန်ဒီးစ်မျိုးကွဲ ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသူ ခုနစ်ဦးရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး နောက်ထပ် သံသယရှိသူ နှစ်ဦးရှိတယ်လို့WHO က တနင်္လာနေ့မှာ ပြောပါတယ်။

အဲဒီ သံသယရှိသူတွေထဲက တဦးကတော့ စစ်ဆေးမှုမလုပ်နိုင်ခင်မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး နောက်တဦးကတော့ စစ်ဆေးမှုပြုလုပ်ဖို့ ကိရိယာမရှိတဲ့ အတ္တလန္တိတ်သမုဒ္ဒရာတောင်ပိုင်းက ဝေးလံတဲ့ ထရစ္စတန် ဒါ ကွန်ညာကျွန်းမှာ ရှိနေတာပါ။

အတည်ပြုလူနာတွေထဲမှာ ပြင်သစ်နိုင်ငံသူ ခရီးသည်တဦးလည်း ပါဝင်ပြီး သူမဟာ တနင်္ဂနွေနေ့က ကနေရီကျွန်းစုမှာသင်္ဘောဆိုက်ကပ်ပြီးနောက် စစ်ဆေးရာမှာ ပိုးတွေ့ခဲ့တာပါ။ သူရဲ့ အခြေအနေဟာ ပိုဆိုးလာနေတယ်လို့ ပြင်သစ်ကျန်းမာရေးဝန်ကြီး စတီဖနီ ရစ်တ်က ပြောပါတယ်။

မက်ဒရစ်မြို့က စစ်ဆေးရုံတခုမှာ ကွာရန်တင်းဝင်နေတဲ့ စပိန်နိုင်ငံသား ၁၄ ဦးထဲက တဦးမှာလည်း ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တယ်လို့စပိန်ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့ညနေမှာ ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အဆိုပါ လူနာမှာ ဘာရောဂါလက္ခဏာမှ မပြသေးဘဲ အတည်ပြုချက်ရဖို့အတွက် နောက်ထပ် စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

နေရပ်ပြန်ပို့မယ့် အမေရိကန်နိုင်ငံသား ၁၇ ဦးထဲက တစ်ဦးမှာလည်း ဗိုင်းရပ်စ်ပိုး အနည်းငယ် တွေ့ရှိခဲ့တယ်လို့ အမေရိကန်ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာနက ပြောပါတယ်။ ဒါပေမဲ့ နောက်ထပ် ဓာတ်ခွဲခန်းတစ်ခုမှာ စစ်ဆေးမှုအရတော့ ရလဒ်က မရေရာဘူးလို့ စပိန်ဘက်က ဆိုပါတယ်။ နောက်ထပ် အမေရိကန်နိုင်ငံသားတစ်ဦးမှာလည်း ရောဂါလက္ခဏာအနည်းငယ် ပြနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက MV Hondius သင်္ဘော ကနေရီကျွန်းစုကို ချဉ်းကပ်လာချိန်တုန်းကတော့ ခရီးသည်အားလုံးဟာရောဂါလက္ခဏာ မပြကြသေးဘူးလို့ စပိန်ကျန်းမာရေးဝန်ကြီးနဲ့ WHO တို့က ပြောခဲ့ပါသေးတယ်။

ဒီဗိုင်းရပ်စ်ဟာ လူအချင်းချင်းကြားမှာ ကူးစက်ဖို့ မလွယ်ကူတာကြောင့် အများပြည်သူအတွက် အန္တရာယ်ရှိနိုင်ခြေ အလွန်နည်းတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြောက်လန့်နေကြတဲ့ ပြည်သူတွေကို တည်တည်ငြိမ်ငြိမ်နေကြဖို့ တိုက်တွန်းထားပါတယ်။

မေလ ၂ ရက်နေ့မှာ ခရီးသည်တွေကြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေ ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ WHO ကို ပထမဆုံး သတင်းပို့ခဲ့စဉ်က MV Hondius သင်္ဘောပေါ်မှာ နိုင်ငံပေါင်း ၂၃ နိုင်ငံက ခရီးသည်နဲ့ ဝန်ထမ်း စုစုပေါင်း ၁၄၇ ဦးပါရှိနေတာပါ။

အဲဒီမတိုင်ခင် သင်္ဘောဟာ ကိပ်ဗာဒီ ကျွန်းကို မရောက်ခင် အတ္တလန္တိတ်သမုဒ္ဒရာထဲက ကျွန်းတွေမှာ ခရီးသည် ၃၄ ဦး ဆင်းသွားခဲ့ကြပါတယ်။ ကိပ်ဗာဒီကျွန်းရောက်မှသာ ရောဂါကူးစက်မှု သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီရောဂါကို ဂျိုဟန်နက်စ်ဘာ့ဂ်မြို့က ကျန်းမာရေးတာဝန်ရှိသူတွေက မေလ ၂ ရက်နေ့မှာ ပထမဆုံး စတင်တွေ့ရှိခဲ့တာပါ။ သင်္ဘောပေါ်ကနေ ဆင်းသွားခဲ့တဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးကို ကုသပေးရင်း တွေ့ခဲ့တာဖြစ်ပြီး ပထမဆုံးသေဆုံးခဲ့တဲ့ နယ်သာလန်နိုင်ငံသား သေဆုံးပြီး သုံးပတ်အကြာမှ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

စပိန်အစိုးရဟာ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ WHO ရဲ့ တောင်းဆိုချက်ကို လက်ခံပြီးတဲ့နောက် မေလ ၆ ရက်နေ့မှာ ဒီအပျော်စီးသင်္ဘောဟာ ကနေရီကျွန်းစုကို ထွက်ခွာခဲ့တာပါ။ ခရီးသည်အားလုံးကို ၄၂ ရက်ကြာ ကွာရန်တင်းထားဖို့ WHO ကအကြံပြုထားတယ်လို့ တက်ဒရိုစ်က သတင်းထောက်တွေကို ပြောပါတယ်။

“အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တာကြောင့် ပြည်သူတွေ စိတ်အေးအေးထားကြဖို့ ပြောချင်ပါတယ်” လို့ ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာက အရေးပေါ် အခြေအနေဆိုင်ရာ တာဝန်ခံ ဂျန်ဖရန်ကို စပီတေရီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

“ဒီဗိုင်းရပ်စ်အကြောင်းကို ကျွန်တော်တို့ သိပါတယ်။ နောက်ထပ် မပြန့်ပွားအောင်လည်း ကာကွယ်နိုင်ပါတယ်။ ဒီရောဂါကနေ ကပ်ရောဂါအသစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့တော့ ကျွန်တော်တို့ မထင်ပါဘူး” လို့ သူက ဆိုပါတယ်။

Ref – Reuters