ဟော်မုဇ်ရေလက်ကြား လမ်းပြစစ်ဆင်ရေးကို ရပ်နားထားမယ်လို့ ထရမ့်ပြော

 

ထရမ့်အနေနဲ့ ရေလက်ကြား ပြန်ဖွင့်ဖို့ကိစ္စကို ဂျပန်နဲ့ ဆွေးနွေးနေသလို လာမယ့်အပတ် တရုတ်နိုင်ငံကို သွားတဲ့အခါမှာလည်းတရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ရှိလာမယ်လို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။

 

 

၆၊ မေ။ 

 

ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို လမ်းပြခေါ်ဆောင်ပေးနေတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးကို ခေတ္တခဏရပ်နားထားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့ညနေပိုင်းမှာ ကြေညာလိုက်ပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းကမှ  Project Freedomစီမံကိန်းကို စတင်ခဲ့တာ ဖြစ်ပြီး

 အီရန်နဲ့ သဘောတူညီချက်ရဖို့ သိသာတဲ့ တိုးတက်မှုတွေ ရှိနေတာကြောင့် နှစ်ဦးနှစ်ဘက် သဘောတူညီချက်နဲ့ ရပ်နားတာဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။

 

အီရန်အစိုးရပိုင် မီဒီယာတွေကတော့ ဒါကို အောင်ပွဲတခုအနေနဲ့ ပုံဖော်နေကြပါတယ်။ 

 

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ Epic Fury စစ်ဆင်ရေးဟာ ရည်မှန်းချက်တွေ ပြည့်ဝသွားပြီဖြစ်လို့ ပြီးဆုံးသွားပြီလို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောအပြီးမှာပဲ သမ္မတထရမ့်ရဲ့ အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။

 

အမေရိကန်နဲ့ အီရန်ကြား ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်ရဲ့ တောင်းဆိုချက်အရ အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ 

 

ဒါပေမဲ့ အီရန်ဆိပ်ကမ်းတွေကို အမေရိကန်က ပိတ်ဆို့ထားတာကတော့ ဆက်ရှိနေဦးမယ်လို့ သူက ထပ်လောင်းပြောဆိုပါတယ်။

 

 ရှေ့ဆက် ဘာဖြစ်မလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

 

 အီရန်ကို စီးပွားရေးအရ ဖိအားပေးဖို့ လုပ်ထားတဲ့ဆိပ်ကမ်းပိတ်ဆို့မှုနဲ့ အခု လွတ်လပ်မှုစီမံကိန်းဆိုတာဟာ သီးခြားစီဖြစ်တယ်လို့ အစိုးရအဖွဲ့က အလေးပေး ပြောထားပါတယ်။

 

အဆိုပါ စီမံကိန်းဟာ ပိတ်ထားသလောက်ဖြစ်နေတဲ့ ရေလမ်းကြောင်းကနေ ပိတ်မိနေတဲ့ သင်္ဘောတွေကို လမ်းပြခေါ်ထုတ်ပေးပြီး ဒေသတွင်း ရေနံစီးဆင်းမှုနဲ့ ကမ္ဘာ့စီးပွားရေး ပုံမှန်ပြန်ဖြစ်ဖို့ ရည်ရွယ်တာပါ။

 

ဒါပေမဲ့ အခုလို ရပ်နားထားတဲ့ အချိန်အတွင်းမှာ အီရန်ရဲ့ နှောင့်ယှက်မှုတွေကြောင့် ကမ္ဘာ့သင်္ဘောလိုင်းတွေနဲ့ အာမခံကုမ္ပဏီတွေ အခက်တွေ့မယ်ဆိုရင်တော့ ထရမ့်အနေနဲ့ သူ့ရည်မှန်းချက် အောင်မြင်တယ်လို့ ပြောဖို့ ခက်ပါလိမ့်မယ်။

 

တဘက်မှာလည်း အီရန်ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ အဆိုပါစီမံကိန်းကို ရပ်ဆိုင်းလိုက်တာဟာ သူတို့ကို ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ပြန်ခေါ်လာနိုင်ဖို့ အစိုးရအဖွဲ့က မျှော်လင့်နေပုံရပါတယ်။

  

Epic Fury စစ်ဆင်ရေးကို ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ရာကနေ စတင်ခဲ့တာပါ။ တီဟီရန်ဘက်ကလည်း ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းသွားလာနေတဲ့ အရေးပါတဲ့ ရေလမ်းကြောင်းကို ပိတ်ဆို့ပြီး တုံ့ပြန်ခဲ့ပါတယ်။

 

 ထရမ့်အနေနဲ့ ရေလက်ကြား ပြန်ဖွင့်ဖို့ကိစ္စကို ဂျပန်နဲ့ ဆွေးနွေးနေသလို လာမယ့်အပတ် တရုတ်နိုင်ငံကို သွားတဲ့အခါမှာလည်းတရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ရှိလာမယ်လို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။

 

Ref – BBC