ကျူးဘားအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ တရားမဝင်ဘူးလို့ တရုတ်ပြော

ကျူးဘားရဲ့ ရေရှည်မဟာမိတ်ဖြစ်တဲ့ ဗင်နီဇွဲလားခေါင်းဆောင် နီကိုးလက်စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးလိုက်ပြီးတဲ့နောက် ဇန်နဝါရီလအတွင်း အမေရိကန်နဲ့ ကျူးဘားကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

 

၆၊ မေ။

 

ကျူးဘားအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုနဲ့ ဒဏ်ခတ်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တရုတ်က ဝါရှင်တန်ကို မေလ ၅ရက်နေ့က  တိုက်တွန်းလိုက်ပါတယ်။

အခုလို တိုးမြှင့်လိုက်တဲ့ အစီအမံတွေဟာ တရားမဝင်တဲ့အပြင် နိုင်ငံတကာဆက်ဆံရေး စံနှုန်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတယ်လို့လည်း ဆိုပါတယ်။

 

ဗင်နီဇွဲလားခေါင်းဆောင်ကို ရာထူးကဖယ်ရှားပြီးတဲ့နောက် ဟာဗားနား (ကျူးဘားအစိုးရ) ကို ပိုပြီးဖိအားပေးဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကျူးဘားအစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်မယ့် အမိန့်ညွှန်ကြားချက်ကို ပြီးခဲ့တဲ့သောကြာနေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ အိမ်ဖြူတော်အရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

ကျူးဘားရဲ့ ရေရှည်မဟာမိတ်ဖြစ်တဲ့ ဗင်နီဇွဲလားခေါင်းဆောင် နီကိုးလက်စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးလိုက်ပြီးတဲ့နောက် ဇန်နဝါရီလအတွင်း အမေရိကန်နဲ့ ကျူးဘားကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ဘေကျင်းအစိုးရက အဆိုပါ ဆိုရှယ်လစ်ကျွန်းနိုင်ငံဘက်ကနေ ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလာတာပါ။

 

“အမေရိကန်ဟာ ကျူးဘားအပေါ် တရားမဝင်တဲ့ တဘက်သတ် ပိတ်ဆို့မှုတွေကို ပိုပြီး အရှိန်မြှင့်လုပ်ဆောင်လာတယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အဆိုပါ လုပ်ရပ်ဟာ နိုင်ငံတကာဆက်ဆံရေးရဲ့ အခြေခံစံနှုန်းတွေကိုပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်တယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

 

“ကျူးဘားအပေါ် ပိတ်ဆို့မှုတွေနဲ့ ဘယ်လိုပုံစံနဲ့မဆို အဓမ္မဖိအားပေးတာတွေကို ချက်ချင်းရပ်တန့်ဖို့ အမေရိကန်ကို တရုတ်ကတိုက်တွန်းတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါ ပိတ်ဆို့မှုတွေဟာ ကျူးဘားပြည်သူတွေရဲ့ ရှင်သန်ရပ်တည်ပိုင်ခွင့်နဲ့ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်တွေကို ချိုးဖောက်နေတယ်လို့လည်း ဆိုပါတယ်။

 

ကျူးဘားရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ကြိုးပမ်းချက်တွေကို တရုတ်က ထောက်ခံသလို ကျူးဘားရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ref – Reuters