
၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းခဲ့ပြီးတဲ့နောက် မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံရဲ့ အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့တာပါ။
၅၊ မေ။
မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဒေသတွင်း ထိပ်တန်းသံတမန်တွေနဲ့တွေ့ဆုံဖို့ ဖိတ်ကြားသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မေလ ၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဒါဟာစစ်ပွဲဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရသစ်နဲ့ အာဆီယံအတွင်း ပိုမိုထိတွေ့ဆက်ဆံနိုင်ရေး သဘောတူညီချက်ရဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းခဲ့ပြီးတဲ့နောက် မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံရဲ့ အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့တာပါ။
ဝေဖန်မှုတွေ ပြင်းထန်ခဲ့တဲ့ နှစ်ဆန်းပိုင်းရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ပါတီက အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ဟာ နိုင်ငံရေးအာဏာကို တရားဝင်ဆုပ်ကိုင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလမှာ သမ္မတအဖြစ် ရာထူးရယူခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်က မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအန်ကတ်ကောက မြန်မာခေါင်းဆောင်ပိုင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အပါအဝင် ထိတွေ့ဆက်ဆံမှုတွေ ပြန်လည်စတင်နိုင်ဖို့ တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။
“ဒါဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ပြင်ပမှာ သီးသန့်ပြုလုပ်မယ့် နောက်ထပ်တွေ့ဆုံမှုတခုဖြစ်လာမှာပါ” လို့ သူက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
“အဲဒီအခါကျရင် သူ (မြန်မာနိုင်ငံခြားရေးဝန်ကြီး) က နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ သူတို့ ဘာတွေလုပ်ဖို့စီစဉ်ထားတယ်ဆိုတာကို ကျွန်တော်တို့ကို ရှင်းပြနိုင်မှာပါ။ အဲဒီနောက်ပိုင်းမှပဲ ကျွန်တော်တို့က ရှေ့ဆက်မယ့်အစီအစဉ်တွေကို လုပ်ဆောင်သွားလို့ရမယ်။ ဒါကြောင့် ဒါဟာ တဆင့်ချင်းသွားရမယ့် လုပ်ငန်းစဉ်ပါပဲ” လို့ စီဟာဆက်က ဆက်ပြောပါတယ်။
အဆိုပါ အကြောင်းအရာနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မြန်မာအစိုးရပြောရေးဆိုခွင့်ရှိသူထံ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့်ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
Ref – Reuters