အင်တာနက်အသုံးပြုသူတွေ သတိပြုရမည့် နိုင်ငံရေးဖြစ်စဉ်ကိုလိုက်ပြီး  AI အသုံးပြု သတင်းမှားဖြန့်မှုများ 

အင်တာနက်အသုံးပြုသူတွေ သတိပြုရမည့် နိုင်ငံရေးဖြစ်စဉ်ကိုလိုက်ပြီး  AI အသုံးပြု သတင်းမှားဖြန့်မှုများ 

 

၂၀၂၆ ဧပြီ ၂၈

Fact Check – DNA/ The Red Flag/MFCN 

 

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းထဲမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ Ai နည်းပညာတွေကို လက်နက်တခုအဖွယ် အသုံးချလာကြပါတယ်။

 

အထူးသဖြင့် လူထုရဲ့ စိတ်ခံစားချက်ကို လှုံ့ဆော်နိုင်တဲ့ ၊  နိုင်ငံရေးခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ ပုံရိပ်တွေကို Ai နဲ့ လုပ်ကြံဖန်တီးပြီး ဝါဒဖြန့်မှုတွေပြုလုပ်နေတယ်ဆိုတာကို MFCN အဖွဲ့သားတွေရဲ့ စောင့်ကြည့်လေ့လာချက်အရ တွေ့ရှိရပါတယ်။

 

မြန်မာနှစ်ဆန်း၁ရက်နေ့မှာ ဦးဝင်းမြင့်ကို စစ်အာဏာရှင်အစိုးရက လွတ်မြောက်ခွင့်ပေးပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ပါ လွတ်မြောက်လာပြီးဆိုတဲ့ သတင်းအမှားတွေနဲ့ Aiနဲ့ဖန်တီးထားတဲ့ ရုပ်သံဖိုင်တွေလည်း ဆက်တိုက်ဆိုသလို ပျံံ့နှံ့လာတာပါ။

 

AI နဲ့ဖန်တီးထားတဲ့သတင်းအတုတွေကို ဘယ်လိုခွဲခြားမလဲ

 

လူမှုကွန်ရက်တွေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းအမှားတွေ၊ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ AI နဲ့ဖန်တီးထားတဲ့ ရုပ်သံဖိုင်တွေ အများဆုံးပျံ့နှံ့နေတာပါ။

 

အဲ့ဒီဗွီဒီယိုတွေကို MFCN အဖွဲ့ဝင်တွေကနေ စစ်ဆေးကြည့်တဲ့အခါမှာ အတိတ်ကမှတ်တမ်းဟောင်းတွေကို မျက်နှာလဲလှယ်တဲ့ နည်းပညာ (Ai Face-Swap) နဲ့ ပြုပြင်ထားတာ၊ AI နည်းပညာအသုံးပြုပြီး ပြုပြင်ဖန်တီးထားတဲ့ ဗွီဒီယိုတွေသာဖြစ်တာကို တွေ့ရှိရပါတယ်။

 

လူမှုမီဒီယာအသုံးပြုသူတွေအနေနဲ့ AI နဲ့ပြုလုပ်ထားတဲ့ ဗွီဒီယိုတွေဟုတ် မဟုတ်ကို ဗွီဒီယိုထဲမှာပါတဲ့ လူပုဂ္ဂိုလ်ရဲ့ မျက်တောင်ခတ်ပုံတွေ၊ လက်လှုပ်ရှားပုံတွေက ပုံမှန်မဟုတ်ဘဲတောင့်တင်းနေတာ၊ မျက်နှာပြင်နဲ့လည်ပင်းကြားက အရေပြားအရောင်မတူတာတွေကို သတိပြုကြည့်ရှုရင်း ခွဲခြားနိုင်ပါတယ်။

 

တော်လှန်ရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားတဲ့ AI နဲ့ဖန်တီးထားတဲ့ အသံတုများ

 

တော်လှန်ရေးခေါင်းဆောင်တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေက လက်နက်ချဖို့ ဒါမှမဟုတ် စစ်ရှုံးနေပြီဖြစ်တယ်ဆိုတဲ့အကြောင်းပြောဆိုနေတဲ့ အသံဖိုင်တွေ၊ ရုပ်သံဖိုင်တွေကိုလည်း ရည်ရွယ်ချက်ရှိရှိဖြန့်ဝေနေတာကိုတွေ့ရပါတယ်။

 

MFCNကနေစစ်ဆေးကြည့်တဲ့အခါမှာ ခေါင်းဆောင်တွေရဲ့ရုပ်ပုံနဲ့ အသံနမူနာကိုယူပြီး Ai နဲ့ စာသားသွင်း အသံဖတ်ခိုင်းထားတာဖြစ်တာကိုတွေ့ရပါတယ်။

 

အသံဖိုင်တွေနဲ့ ရုပ်သံဖိုင်တွေကို Ai ဟုတ်၊ မဟုတ် ဘယ်လိုခွဲခြားမလဲ။ 

 

Aiနဲ့ ဖတ်ခိုင်းထားတဲ့ အသံဖိုင်တွေမှာ အသံအနိမ့်အမြင့်အတက်အကျ မရှိခြင်း၊ မြန်မာဘာသာစကား မပီသခြင်း၊ စကားလုံးအဖြတ်အတောက်မမှန်တာ၊ စကားလုံးတခုနဲ့တခုအကြား အသက်ရှူသံနဲ့ အဖြတ်အတောက်သဘာဝမဖြစ်တာတွေကို တွေ့နိုင်သလို ရုပ်သံဖိုင်တွေမှာ ဆိုရင်လည်း လှုပ်ရှားမှုတွေရောထွေးကုန်တာကို စစ်ဆေးနိုင်ပါတယ်။

 

AI နဲ့ဖန်တီးထားတဲ့ သတင်းအတု၊ သတင်းမှားများ

https://archive.ph/ctsUH 

https://archive.ph/wip/ez3c2 

https://archive.ph/ez3c2 

https://archive.ph/eg5bd 

https://archive.ph/9dp3C 

https://archive.ph/byW26 

 

Ai နဲ့ဖန်တီးထားတဲ့ အကြောင်းအရာတွေကို အလွယ်ကူဆုံး  ခွဲခြားနိုင်မယ့် နည်းလမ်းများ

 

ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေဒါမှမဟုတ် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ တရားဝင်လူမှုစာမျက်နှာတွေမှာ ဖော်ပြထားတာမျိုးရှိ၊ မရှိ အရင်ကြည့်ပါ။

 

Ai နဲ့ဖန်တီးထားတဲ့ ရုပ်သံဖိုင်တွေမှာ နောက်ခံစာသားတွေ​ ဝေဝါးနေတာ၊ လူတွေရဲ့ လက်ချောင်းအရေအတွက်မမှန်တာ၊ နားရွက် ဒါမှမဟုတ် ဆံပင်နဲ့ နားထင် ဆက်စပ်မှု သဘာဝမကျတာတွေကို တွေ့ရတတ်ပါတယ်။

 

ပြောနေတဲ့စကားလုံးတွေနဲ့ နှုတ်ခမ်းလှုပ်ရှားတာတွေက တထပ်တည်းမကျဘဲ နောက်ကျနေတာမျိုးရှိသလို၊ စကားပြောဆိုတဲ့အခါမှာ အဖြတ်အတောက်မညီတာတွေလည်း တွေ့ရတတ်ပါတယ်။

 

Ai နဲ့ဖန်တီးထားတဲ့ သတင်းတု၊သတင်းအမှား အများစုဟာ အရေးကြီးတဲ့တိုက်ပွဲတွေ ဒါမှမဟုတ် နိုင်ငံရေးအပြောင်းအလဲတွေရှိချိန်မှာ လူထုကို စိတ်ဓါတ်ကျစေတဲ့သတင်းပုံစံအသွင်ဆောင်ပြီး  ထွက်ပေါ်လာတတ်ပါတယ်။

 

သုံးသပ်ချက်

 

အရင်က Aiသတင်းမှားတွေဟာ စာသားနဲ့ ဓါတ်ပုံအဟောင်းတွေကို အသုံးပြုပြီး ဖြန့်ဝေတာမျိုးသာရှိခဲ့ပေမဲ့ အခုလက်ရှိမှာတော့ Ai နည်းပညာနဲ့ အသံတုပပြီး ရုပ်သံဖိုင်တွေထုတ်တာ၊ တကယ့်လူပုဂ္ဂိုလ်နဲ့ တထပ်တည်းနီးပါးတူတဲ့ Deep Fake နည်းပညာကိုအသုံးပြုလာတာကြောင့် မြင်မှယုံမယ်ဆိုတဲ့ လူထုရဲ့အခြေခံယုံကြည်ချက်ကို တိုက်ခိုက်လာတာပါ။

 

ဒေါ်အောင်ဆန်းစုကြည်လို လူထုအပေါ် ဩဇာကြီးမားတဲ့သူတွေကို အသုံးပြုပြီး ဖြန့်ဝေနေတဲ့ Ai သတင်းတွေဟာ သတင်းအမှားတခု ဖြန့်ဝေတာထက်ပိုတာကိုတွေ့ရပါတယ်။

 

ဒါဟာ လူထုရဲ့မျှော်လင့်ချက်နဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ယုံကြည်ချက်ပျက်ပြားလာအောင် စနစ်တကျ လုပ်ဆောင်လာတဲ့ စိတ်ဓါတ်စစ်ဆင်ရေး ဝါဒဖြန့်သတင်းအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာပါ။ 

 

လက်ရှိကာလတွေမှာ Ai နဲ့ ဖန်တီးထားတဲ့ သတင်းတွေ၊ အကြောင်းအရာတွေဟာ သာမာန်ဖျော်ဖြေရေးသဘောမျိုး မဟုတ်ဘဲ၊ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ သတင်းတွေသာဖြစ်ပါတယ်။

 

MFCN က စစ်ဆေးထားတဲ့ Ai နဲ့ပတ်သက်တဲ့သတင်းအတုသတင်းအမှားတွေကို အောက်မှာဖတ်ရှုနိုင်ပါတယ်။ 

စာသင်တာရပ်ဖို့နှင့် ကျောင်းတွေပိတ်ဖို့ PDF ခြိမ်းခြောက်ဆိုပြီး AI နှင့်ပြုလုပ်ထားသည့် သတင်းမှား https://bit.ly/4n1nK6a 

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းချမ်းသာထဲတွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ပါဝင်လာဆိုကာ သတင်းမှားဖြန့်ဝေ https://bit.ly/4mS3XWw 

ဒေါက်တာဇော်ဝေစိုးပုံကို AI အသုံးပြုပြီး ဒေါက်တာဆာဆာအား တော်လှန်ရေးသစ္စာဖောက်လို့ ပြောဆိုတဲ့ သတင်းမှား https://bit.ly/49dhsdE 

ကလေးဦးခေါင်းနဲ့ နွားဦးခေါင်း ၂ မျိုးပါ နွားပေါက်ကလေး မွေးဖွားဆိုတဲ့  ဗွီဒီယိုဟာ AI နဲ့ဖန်တီးထားခြင်း သာဖြစ် https://bit.ly/3OxVkUy 

 

ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်