
“အဲဒီဘက်မှာ နှစ်တိုင်း ဒီလိုကိစ္စေတွေ ကြားတယ်။ ဒါပေမယ့် စား၀တ်နေရေးအတွက် လိုရင် ထွက်လုပ်ကြရတာပဲလေ”
၂၈၊ ဧပြီ။
ဧရာ၀တီတိုင်း ဘိုကလေးမြို့နယ် မိန်းမလှကျွန်းရှိ အမဲချောင်းအတွင်းမှာ ကဏန်းပိုက်ချနေတဲ့ ၁၈ နှစ်အရွယ် လူငယ်တဦးဟာ မနေ့က ဧပြီလ ၂၇ ရက်နေ့မှာ မိကျောင်းကိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
မိကျောင်းကိုက်ခံရသူဟာ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ကံဆိပ်ကျေးရွာမှ မောင်မိုးဝေယံဖြစ်ပါတယ်။
“ဒီအချိန်က မိကျောင်းတွေ မိတ်လိုက်ရာသီ၊ မိတ်လိုက်ပြီးတော့ အသိုက်ချတယ်၊ အဥဥတယ်၊ ဒီချိန်ဆို လူတွေကိုလည်း ပိုပြီး ရန်မူတယ်၊ တော်တော် သတိထားနေကြရတယ်” လို့ ဘိုကလေးမြို့နယ်မှ ဒေသခံတဦးဖြစ်တဲ့ ဦးကျော်၀င်းက ပြောပါတယ်။
မောင်မိုးဝေယံက လှေနဲ့ ကဏန်းပိုက်ချနေစဉ်မှာ အလျား ၁၅ ပေ၊ ဗြက် (၃)ပေလောက်ရှိတဲ့ မိကျောင်းတကောင်က ရေထဲကနေ လှမ်းကိုက်ပြီး ရေထဲသို့ပြုတ်ကျသွားတဲ့အခါ ရေထဲသို့ ပါ ဆက်လက်ကိုက်ချီဆွဲသွားရာကနေ သေဆုံးခဲ့ရတာလို့ ဘိုကလေးမြို့နယ် ထွေအုပ်ရုံးက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
မိကျောင်းရေထဲ ကိုက်ဆွဲသွားတဲ့ မောင်မိုးဝေယံကို ရွာသားတွေက တနာရီ၀န်းကျင်ကြာ လိုက်ရှာခဲ့ကြပြီးတဲ့နောက် ဒဏ်ရာအများအပြားနဲ့ သေဆုံးလျက်သား တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဘိုကလေးမြို့နယ် မိန်းမလှကျွန်းမှာ အခုရာသီရောက်ရင် နှစ်စဉ် မိကျောင်းကိုက်ခံရလို့ သေဆုံးသူတွေ ရှိနေပြီး ပြီးခဲ့တဲ့နှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်လတို့အတွင်း မိကျောင်းကိုက်ခံရသူ လေးဦးထက်မနည်း ရှိခဲ့ပါတယ်။
မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောနဲ့ ထိစပ်နေတဲ့ ဘိုကလေးမြို့နယ်ထဲမှာ မိကျောင်း အန္ဒရာယ် ရှိတာကြောင့် မြစ်ချောင်းတွေထဲမှာ ရေဆင်းမကူးဖို့သက်ဆိုင်ရာဌာနတွေကသတိပေးဆိုင်းဘုတ်တွေ စိုက်ထူထားပါတယ်။
“အဲဒီဘက်မှာ နှစ်တိုင်း ဒီလိုကိစ္စေတွေ ကြားတယ်။ ဒါပေမယ့် စား၀တ်နေရေးအတွက် လိုရင် ထွက်လုပ်ကြရတာပဲလေ” လို့ ဘိုကလေးဒေသခံလူငယ်တဦးက ပြောပါတယ်။
ရေချို ၊ ရေငန်စပ်မှာ နေထိုင်တဲ့ မိကျောင်းတွေဟာ ဇွန်လကနေ ဩဂုတ်လအထိ အသိုက်ဖွဲ့တာကိုလုပ် ဆောင်ပါတယ်။ ဒီလို အသိုက်ဖွဲ့တဲ့ကာလဟာ မိချောင်းအန္တရယ် အကြောက်ရဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိန်းမလှကျွန်းကို အခြေပြုနေထိုင်တဲ့ မိကျောင်းကောင်ရေ ၂၆၀၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်ကျက်စားတဲ့ မိကျောင်းကောင်ရေ အားလုံးရဲ့ သုံးပုံ နှစ်ပုံပါ။ မိန်းမလှကျွန်းပတ်ဝန်းကျင် မှာ မိကျောင်းဖမ်းခြင်း ၊ မွေးမြူခြင်းနဲ့ သတ်ဖြတ်ခြင်းကို ဥပဒေအ ရတားမြစ်ထားပါတယ်။