
မီးလာချိန်ပဲ အဆင်ပြေတယ်။ မီးမလာတဲ့ အချိန်က ဘဏ်မှာလူနည်းရင် စက်မနိုးဘူး။ လူများမှပဲ စက်တွေနိုးတာတွေ့တယ်။ ဆီတွေလည်း အလွယ်တကူ ဝယ်မရကြသေးဘူး ထင်တယ်”
၂၈၊ ဧပြီ။
လျှပ်စစ်မီး မမှန်သလို စက်သုံးဆီလည်း အလုံအလောက် ဝယ်မရသေးတာကြောင့် ဧရာ၀တီတိုင်းအတွင်းက ဘဏ်တွေဟာ ပုံမှန်ဘဏ် ဖွင့်ချိန်တွေမှာတောင် ဘဏ်လုပ်ငန်းတွေ အချိန်ပြည့်လည်ပတ်နိုင်ခြင်း မရှိသေးဘူးလို့ ပြောကြပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင် ကတည်းက ဘဏ်တွေမှာ လျှပ်စစ်မီးလာချိန်ပဲ ငွေအလွှဲ၊ အထုတ်စတဲ့ ဘဏ်လုပ်ငန်းတွေ လည်ပတ်နိုင်ခဲ့တာပါ။ အခုအခါမှာတော့ ဘဏ်အချို့မှာ လျှပ်စစ်မီးပျက်သွားချိန် ဆိုလာစနစ်နဲ့ လည်ပတ်နေတာရှိပေမယ့် အချို့ဘဏ်ခွဲတွေမှာ လုပ်ငန်းလည်ပတ်မှု မရှိဘူးလို့ ဆိုပါတယ်။
“တချို့ဘဏ်တွေ မီးစက်နိုးပေးတယ်။ အချိန်ပြည့်တော့ မဟုတ်ဘူး။ မီးလာချိန်ပဲ အဆင်ပြေတယ်။ မီးမလာတဲ့ အချိန်က ဘဏ်မှာလူနည်းရင် စက်မနိုးဘူး။ လူများမှပဲ စက်တွေနိုးတာတွေ့တယ်။ ဆီတွေလည်း အလွယ်တကူ ဝယ်မရကြသေးဘူး ထင်တယ်” လို့ ပုသိမ်မြို့ခံ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။
ဟင်္သာတမြို့ပေါ်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ တခုမှာတော့ ဆိုလာစနစ် တပ်ဆင်ထားတာကြောင့် အချိန်ပြည့် ငွေအလွှဲ ၊ အထုတ် လုပ်လို့ရတယ်လို့ ဆိုပါတယ်။ “မီးမလာလည်း ဆိုလာနဲ့ လုပ်ပေးတယ်” လို့ အဲဒီဘဏ်မှ ဝန်ထမ်းတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင် ဧပြီလဒုတိယပတ်ကစပြီး ပုသိမ်နဲ့ အခြားမြို့တွေမှာရှိတဲ့ ကမ္ဘောဇဘဏ် အပါအဝင် အခြားဘဏ်တွေ အားလုံးမှာလည်း အဲဒီလို လျှပ်စစ်မီးရချိန်မှာသာ ငွေသွင်း၊ ငွေထုတ်လုပ်ငန်းတွေကို လုပ်ဆောင်နိုင် ခဲ့တာပါ။
“အခုနည်းနည်း ပြန်အဆင်ပြေလာတာ။ ဘဏ်တွေကတော့ ဆီတွေ အပြည့်အ၀ ဝယ်မရသေးဘူး ခုထိ” လို့ ဟင်္သာ တဒေသခံတဦးက ပြောပါတယ်။
အဲဒီလို ဘဏ်တွေ အချိန်ပြည့်မလည်ပတ်တာကြောင့် လက်ရှိမှာ ငွေလွှဲ၊ ငွေထုတ်လုပ်လိုသူတွေဟာ အပြင်က ငွေ လွှဲ၊ ငွေထုတ်အေးဂျင့်တွေဆီမှာသာ အလွှဲ၊ အထုတ်လုပ်နေကြရတယ်လို့ ပြောကြပါတယ်။
ဘဏ်တွေအနေနဲ့ စက်သုံးဆီတွေကို အစိုးရသတ်မှတ်စျေးနဲ့ အလွယ်တကူဝယ်မရကြတော့တာကြောင့် အခုလို ဘဏ်လုပ်ငန်းတွေ အချိန်မှန် မလုပ်ပေးတော့တာ ဖြစ်တယ်လို့ သိရပါတယ်။
စက်သုံးဆီရှားပါးမှုတွေဖြစ်လာပြီးနောက် စစ်ကော်မရှင်ဟာ ဆီဆိုင်တွေကို အရင်တုန်းကလိုမျိုး ဆီအပြည့်ထုတ်မ ရောင်းတော့ဘဲ ဆီလိုအပ်ချက်ရဲ့ ထက်ဝက်လောက်ကိုသာ ထုတ်ရောင်းတော့တယ်လို့ ဆီဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်းကြီးမြင့်နေတာကြောင့် ဘဏ်လုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်တာအပြင် ဧရာ ဝတီတိုင်း ကမ်းရိုးတန်းဒေသက ရေလုပ်သား မိသားစုတွေနဲ့ လယ်ယာလုပ်သူတွေရဲ့ စားဝတ်နေရေးကိုလည်း တိုက်ရိုက် ခြိမ်းခြောက်လာနေပါတယ်။
ငါးဖမ်းလှေတွေ ရပ်နားထားရတာ၊ စိုက်ခင်းတွေ ပျက်စီးသွားတာတွေနဲ့ ကြုံနေကြရသလို နွေစပါး စိုက်ထားသူတွေ မှာလည်း စပါးစျေးကောင်းမရချိန် စက်သုံးဆီ စျေးအလွန်တက်နေတော့ ရိတ်သိမ်းဖို့ အခက်အခဲ ရှိနေကြတာပါ။
ဒါ့အပြင် ဧရာ၀တီတိုင်းအတွင်း မြို့ချင်းဆက်လမ်းတွေကို ပြေးဆွဲနေတဲ့ ကားခတွေ၊ ဧရာ၀တီ – ရန်ကုန်ကားခတွေ ဟာလည်း နှစ်ဆကနေ သုံးဆထိ စျေးတက်နေပြီး သင်္ကြန်ကာလ အလုပ်ပိတ်ရက် အိမ်ပြန်မယ့် သူတွေနဲ့ ခရီးသွား တွေ အခက်အခဲ ကြုံနေကြရပါတယ်။