
“ဘယ်သူပဲပြိုင်ပြိုင် ရှုံးမှာပဲ၊ ကြံ့ခိုင်ရေးအနိုင်ရဖို့ လုပ်တဲ့ရွေးကောက်ပွဲလေ၊ ကြံ့ခိုင်ရေးပဲ နိုင်မှာပေ့ါ။ တခြားပါ တီတွေ ဝင်ပြိုင်တာက အိမ်ဖြည့်သဘောပဲ။
၂၉၊ ဇန်နဝါရီ။
ဇန်ဝါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ နောက်ဆုံးအသုတ် ရလဒ်တွေကို ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ရာမှာ မြို့နယ် ၉ ခုစလုံးအတွက် ပြည်သူ့လွှတ်တော်နေရာတွေကို စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကပဲ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ရလဒ်တွေနဲ့ တိုင်းဒေသကြီးလွှတ်တော် ရလဒ်တွေတော့ မထုတ်ပြန် သေးပါဘူး။
“အကုန်သူတို့နိုင်တယ်။ ရေကြည်မှာဆိုရင် ဝန်ကြီးဟောင်း ဦးဆန်းဆင့်တောင် မနိုင်ဘူး။ ကြံ့ခိုင်ရေးပဲ နိုင်တယ်” လို့ ရေကြည်မြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေအတွင်း စစ်တပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တာဝန်ယူခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက် ဧရာ၀တီတိုင်းလွှတ်တော်ဥက္ကဌ၊ သာသနာရေးဝန်ကြီးလုပ်ခဲ့သူ ဦးဆန်းဆင့်လည်း ဝင်ပြိုင်ခဲ့ပြီး သူဟာ ကြံ့ခိုင်ရေးပါတီ အမတ်လောင်း ဒေါ်အိအိချောကို ရှုံးနိမ့်ခဲ့တာပါ။
ဦးဆန်းဆင့်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်၊ အနိုင်ရခဲ့တာဖြစ်ပြီး အခုအခါမှာ သူရဲ့ ပါတီဟောင်းကိုယ်စားလှယ်ဆီ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရေကြည်မြို့နယ်မှကနေ ဝင်ပြိုင်ခဲ့တဲ့ လက်ရှိ ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းလည်း အနိုင်ရခဲ့တယ်လို့ သိရပါတယ်။
“ဘယ်သူပဲပြိုင်ပြိုင် ရှုံးမှာပဲ၊ ကြံ့ခိုင်ရေးအနိုင်ရဖို့ လုပ်တဲ့ရွေးကောက်ပွဲလေ၊ ကြံ့ခိုင်ရေးပဲ နိုင်မှာပေ့ါ။ တခြားပါ တီတွေ ဝင်ပြိုင်တာက အိမ်ဖြည့်သဘောပဲ။ အဲဒါကိုတောင် နားမလည်ကြတာလား၊ စစ်တပ်အလိုကျလိုက်လုပ် ပေးကတာလားတော့ မသိတော့ဘူး” လို့ ဟင်္သာတမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်တ ဦးက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ ကြံ့ခိုင်ရေးပါတီအပြင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ(PP)၊ ဒေါ်သက်သက်ခိုင် ဦး ဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ တိုင်းရင်း သားစည်းလုံးညီညွှတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီတို့ ဝင်ပြိုင်ခဲ့ကြတာပါ။
ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲ ပထမအသုတ်နဲ့ ဒုတိယအသုတ်မှာလည်း နေရာအားလုံးနီးပါးအနိုင်ရခဲ့ပါ တယ်။ ပထမအသုတ်နဲ့ ဒုတိယအသုတ်အတွင်း ကြံ့ခိုင်ရေးပါတီက တိုင်းလွှတ်တော် ၁၇ နေရာအနက် ၁၅ နေရာ၊ ပြည်သူ့ လွှတ်တော် ၁၇ နေရာအနက် ၁၆ နေရာတို့မှာ အနိုင်ရခဲ့တာပါ။
စစ်ကော်မရှင်ဟာ ဧရာ၀တီတိုင်းအတွင်းက တိုင်းလွှတ်တော်နေရာ ၅၂ နေရာထဲက ၂၆ နေရာနဲ့ အမျိုးသားလွှတ် တော် ၁၂ နေရာထဲက ၆ နေရာတို့ကို အချိုးကျကိုယ်စားပြုစနစ်(PR)နဲ့ ရွေးချယ်မယ်လို့ ဆိုထားပြီး အဲဒီရလဒ် တွေကိုတော့ မသိရပါသေးဘူး။
ဒါပေမယ့် လက်ရှိ သိထားရတဲ့ မဲရလဒ်တွေအရ ကြံ့ခိုင်ရေးပါတီဟာ ဧရာ၀တီတိုင်းလွှတ်တော်၊ အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့တို့ကို စိတ်ကြိုက်ဖွဲ့စည်း၊ ချဲ့လှယ်နိုင်ဖို့ လုံလောက်တဲ့ အမတ် နေရာအရေအတွက် လုံလုံလောက်လောက် ရထားပြီးဖြစ်ပါတယ်။
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်ကလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေး ကောက် ပွဲဖြစ်တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲရလဒ်အပေါ်လည်း လက်မခံကြောင်း ထုတ်ဖော်ပြော ဆိုထားကြပါတယ်။
နိုင်ငံရေးလေ့လာသူတွေကလည်း လာမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့ဟာ စစ်တပ်နဲ့ စစ်တပ်အရာရှိကြီးတွေ လူဝတ်လဲ ဝင်ပြိုင်ခဲ့ကြတဲ့ ကြံ့ခိုင်ရေးပါတီတို့ ကြီးစိုးပြီး စစ်တပ်အလိုကျ အဆိုတွေ တင်သွင်း၊ အတည်ပြုလာ မယ့် လွှတ်တော်သာဖြစ်လာမယ်လို့ သုံးသပ်ထားကြပါတယ်။