ဂရင်းလန်းကျွန်းအရေး အခွန်တိုးမြှင့်မယ့်ခြိမ်းခြောက်မှုကို ထရမ့် ပြန်ရုပ်သိမ်း

 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ဥရောပ ရှစ်နိုင်ငံကနေ အမေရိကန်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန်တွေ တိုးမြှင့်ကောက်ခံမယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

၂၂၊ ဇန်နဝါရီ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂရင်းလန်းကျွန်းကို သိမ်းပိုက်ဖို့အတွက် အကျပ်ကိုင်တဲ့အနေနဲ့ သွင်းကုန်ခွန်တွေ တိုးမြှင့်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ဗုဒ္ဓဟူးနေ့မှာ ရုတ်တရက် ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

ဒိန်းမတ်ပိုင်နက်နဲ့ ဂရင်းလန်းကျွန်းနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်များစွာအတွင်း အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော် ဆက်ဆံရေးကို အဆိုးဝါးဆုံးပျက်ပြားစေမယ့် အငြင်းပွားမှုကို အဆုံးသတ်ဖို့ သဘောတူညီချက်တခု ရတော့မယ့်ပုံစံမျိုး ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့သလို အင်အားသုံးဖြေရှင်းမယ့် နည်းလမ်းကိုလည်း ပယ်ချခဲ့ပါတယ်။

ထရမ့်ဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့ကို ရောက်ရှိနေချိန် အခုလိုပြောလိုက်တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ဥရောပ ရှစ်နိုင်ငံကနေ အမေရိကန်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန်တွေ တိုးမြှင့်ကောက်ခံမယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ Swiss Alpine အပန်းဖြေစခန်းမှာ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရုတေးနဲ့ တွေ့ဆုံပြီးနောက်မှာတော့လူဦးရေ ၅၇,၀၀၀ နေထိုင်တဲ့ မဟာဗျူဟာကျ ကျွန်းပိုင်နက်နဲ့ ပတ်သက်ပြီး အနောက်အုပ်စု အာတိတ်မဟာမိတ်တွေဟာသဘောတူညီချက်အသစ်တခုကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ထရမ့်က ဆိုပါတယ်။

အဆိုပါ သဘောတူညီချက်ဟာ သူ့ရဲ့ Golden Dome ဒုံးခွင်းကာကွယ်ရေးစနစ်နဲ့ အရေးကြီးတဲ့ သတ္တုတွင်းထွက်တွေ ရရှိနိုင်ရေးဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို အာတိတ်ဒေသအပေါ် ရုရှားနဲ့ တရုတ်တို့ရဲ့ ရည်မှန်းချက်တွေကိုလည်း တားဆီးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒါဟာ လူတိုင်း ကျေနပ်ကြမယ့် သဘောတူညီချက်တခုပါ၊ ရေရှည်အတွက် သဘောတူညီချက်ဖြစ်သလို အကောင်းဆုံး ရေရှည်စီမံကိန်းလည်း ဖြစ်ပါတယ်။ လူတိုင်းကို ကောင်းမွန်တဲ့ အနေအထားတခု ရောက်သွားစေမှာဖြစ်ပြီး အထူးသဖြင့် လုံခြုံရေးနဲ့သတ္တုတွင်းထွက်တွေနဲ့ ပတ်သက်ရင် ပိုသိသာပါတယ်၊ ဒါဟာ ထာဝရအတွက် သဘောတူညီချက်ပါပဲ” လို့ ထရမ့်ကသတင်းထောက်တွေကို ပြောပါတယ်။

ဂရင်းလန်းကျွန်းဟာ ဒိန်းမတ်ပိုင်နက်အဖြစ် ဆက်ရှိနေမှာလား ဆိုတဲ့ကိစ္စကိုတော့ ထရမ့်နဲ့ ဆွေးနွေးမှုအတွင်း ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိဘူးလို့ မာ့ခ်ရုတေးက နောက်ပိုင်းမှာ ပြန်လည်ပြောကြားခဲ့ပါတယ်။

“ဒီည သမ္မတနဲ့ ဆွေးနွေးမှုမှာ အဲဒီကိစ္စကို ထပ်ပြီး မပြောဖြစ်တော့ပါဘူး” လို့ မာ့ခ်ရုတေးက Fox News ရဲ့ ရုပ်သံအစီအစဉ်တခုမှာ ဖြေကြားခဲ့တာပါ။

သမ္မတထရမ့်ရဲ့ ရုတ်တရက် လေသံပြောင်းလဲသွားမှုဟာ အငြင်းပွားမှုကို အပြီးတိုင် မဖြေရှင်းနိုင်သေးပေမဲ့ မဟာမိတ်တွေအကြား သဘောထားကွဲလွဲမှုတွေကို သီးသန့်ညှိနှိုင်းနေချိန်မှာ အဖတ်ဆယ်မရအောင် ပျက်စီးသွားမယ့် အရေးကိုတော့ လျှော့ချပေးနိုင်တယ်လို့ ဥရောပ သံတမန်တွေက သုံးသပ်ကြပါတယ်။

Ref – Reuters