ထိုင်ဝမ်ကျွန်းပတ်လည်ရှိ ဧရိယာငါးခုမှာ တရုတ်စစ်တပ် အကြီးစားစစ်ရေးလေ့ကျင့်မှုပြုလုပ်

“ဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးအင်အားစုတွေနဲ့ ပြင်ပ ကြားဝင်နှောင့်ယှက်တဲ့ အင်အားစုတွေအတွက် ပြင်းထန်တဲ့ သတိပေးချက်တခုဖြစ်တယ်”လို့ တရုတ်အရှေ့ပိုင်းစစ်ဒေသကွပ်ကဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရှီယီက ကြေညာချက်မှာ ပြောကြားထားပါတယ်။

၂၉၊ ဒီဇင်ဘာ။

တရုတ်စစ်တပ်ဟာ “Justice Mission 2025”လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုအတွက် ကြည်း၊ ရေ၊ လေနဲ့ အမြောက်တပ်ဖွဲ့တွေကို ထိုင်ဝမ်ကျွန်းပတ်ပတ်လည်ဆီ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရွှေ့ပြောင်းနေရာချထားပါတယ်။

တဘက်မှာလည်း ထိုင်ဝမ်ကျွန်းက ဒီမိုကရေစီကို ကာကွယ်သွားမယ်လို့ ကတိပြုထားပြီး တရုတ်ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ တိုက်ခိုက်မှုတွေကို ပြန်လည်တွန်းလှန်ဖို့ စစ်တပ်ကို စုစည်းပြင်ဆင်နေပါတယ်။

တရုတ်ရဲ့ အရှေ့ပိုင်းစစ်ဒေသကွပ်ကဲရေးဌာနက အင်္ဂါနေ့မှာ ကျည်ဆန်အစစ်သုံး ပစ်ခတ်လေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။ ကြေညာချက်အတွင်း ထိုင်ဝမ်ကျွန်းပတ်ပတ်လည်က ဧရိယာငါးခုကို

သတ်မှတ်လိုက်ပြီး အဲဒီနေရာတွေမှာ မနက် ၈ နာရီကစလို့ ၁၀ နာရီကြာအောင် သင်္ဘောတွေ၊ လေယာဉ်တွေ ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားမှာဖြစ်ပါတယ်။

အဆိုပါ လှုပ်ရှားမှုဟာ ၂၀၂၂ ခုနှစ်က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ ထိုင်ဝမ်ဆီ လာရောက်လည်ပတ်ပြီးနောက်ပိုင်း တရုတ်ရဲ့ ဆဌမအကြိမ်မြောက် အဓိက စစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက တရုတ်အနေနဲ့ ထိုင်ဝမ်အပေါ် တိုက်ခိုက်လာမယ်ဆိုရင် တိုကျိုဘက်က စစ်ရေးအရ တုံ့ပြန်နိုင်တယ်လို့ မှတ်ချက်ပြုပြီးနောက် သံတမန်ရေးရာ ပဋိပက္ခတွေ မြင့်တက်နေချိန်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်ဝမ်ဆီ အမေရိကန်ဒေါ်လာ ၁၁.၁ ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ရောင်းချမယ်လို့ အမေရိကန်က ကြေညာခဲ့ပါတယ်။

အမေရိန်ကန်ရဲ့ လက်နက်ရောင်းချမှုဟာ ထိုင်ဝမ်အတွက် အကြီးမားဆုံး အစီအစဉ်ဖြစ်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက အရောင်းအဝယ် ပြုလုပ်ခဲ့တာပါ။

တရုတ် စစ်တပ်အနေနဲ့လည်း ပြင်းထန်တဲ့ အစီအမံတွေနဲ့ ပြန်လည် တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

“ဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးအင်အားစုတွေနဲ့ ပြင်ပ ကြားဝင်နှောင့်ယှက်တဲ့ အင်အားစုတွေအတွက် ပြင်းထန်တဲ့ သတိပေးချက်တခုဖြစ်တယ်”လို့ တရုတ်အရှေ့ပိုင်းစစ်ဒေသကွပ်ကဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရှီယီက ကြေညာချက်မှာ ပြောကြားထားပါတယ်။

ထိုင်ဝမ်အစိုးရက တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရှုတ်ချထားပြီး တရုတ်အနေနဲ့ အခြေအနေကို မှားယွင်းစွာ မသုံးသပ်ဖို့အပြင် ဒေသတွင်းငြိမ်းချမ်းရေးကို မဖျက်ဆီးဖို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းထားကာ တာဝန်မဲ့တဲ့ ရန်စမှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

Ref – Reuters