
“ပုံမှန် ၁၆ ပေကားတစီးကို ငါး ခြောက် ၊ ပုဇွန်ခြောက် အိတ် ၉၀ / ၁၀၀ တင်လို့ရတယ်ဆိုရင် အခုက ၅၅ / ၆၀ ပဲ တင်လို့ရတော့တယ်။ စားရိတ်ပိုကုန်ရော” လို့ ဆိုပါတယ်။
၃၊ စက်တင်ဘာ။
ဧရာဝတီတိုင်း ၊ ဖျာပုံ – အမာ လမ်းပိုင်းဟာ ဒီမိုးတွင်းကာလမှာ လမ်းပိုင်းပျက်ဆီးမှု ဆိုးရွားနေတာကြောင့် ဒေသတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးမှာ အခတ်အခဲတွေ ရင်ဆိုင် နေရပါတယ်။
“အဆိုးဆုံးလမ်းပိုင်းက ကျုံကဒွန်းကနေ ဒေါ်ညိမ်းအထိ အတော်ဆိုးတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ ကျုံကဒွန်း – ဒေါ်ညိမ်းလမ်းပိုင်း ဟာ ၁၃ မိုင်ရှိပါတယ်။
ဖျာပုံ – အမာ လမ်းပိုင်းဟာ မိုင် ၆၀ ကျော်ရှည်လျားပြီး လမ်းကောင်းပုံမှန်ဆိုပါက အချိန် ၃ နာရီသာ မောင်းနှင်ရတဲ့ခရီးစဉ်ပါ။ အခု အခါမှာတော့ ဒီလမ်းပိုင်းကို အချိန် ၅ နာရီလောက်အချိန်ပေးပြီး သွားလာနေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“ဖျာပုံ – ဒေါ်ညိမ်း ကို အရင်တုန်းကဆိုရင်ဆိုင် ကယ်နဲ့ ၁ နာရီလောက်ပဲ မောင်းရတာ” လို့ သူကဆက်ပြောပါတယ်။ ဒီလမ်းပိုင်းမှာဆိုရင် ချိုင့်တွေ ၊ ကျင်းတွေဟာ ၂ ပေလောက်အထိ ဖြစ်ပေါ်နေတာပါ။
ပျက်ဆီးနေတဲ့ ဒီလမ်းပိုင်းကိုအသုံးပြုပြီး ဒေသထွက်ကုန်ပို့ဆောင်တဲ့အခါမှာ အခတ်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ရတယ်လို့ ရေလုပ်ငန်းရှင်တဦးကပြောပါတယ်။
“ပုံမှန် ၁၆ ပေကားတစီးကို ငါး ခြောက် ၊ ပုဇွန်ခြောက် အိတ် ၉၀ / ၁၀၀ တင်လို့ရတယ်ဆိုရင် အခုက ၅၅ / ၆၀ ပဲ တင်လို့ရတော့တယ်။ စားရိတ်ပိုကုန်ရော” လို့ ဆိုပါတယ်။
ဖျာပုံ – သမိန်ထော – ဓမင်းဆိပ် – ကနိ – ကျုံကဒွန်း – မြို့ကုန်း – ဒေါ်ညိမ်း – အမာ ကိုဆက်သွယ်ထားတဲ့ ဒီလမ်းပိုင်းဟာ ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်ထဲက ရေထွက်ကုန်တွေကို ကုန်းတွင်းပိုင်းက အခြားမြို့ တွေဆီ သယ်ယူပို့ဆောင်တဲ့ အဓိက လမ်းမကြီးဖြစ်ပါတယ်။
“ချိုင့်ထဲကျလို့ ကားတုံးလုံးလဲတာတောင် ဖြစ်ဖူးတယ်။ ကယ်ရီခတွေ ၊ ကားခတွေကလည်း အရင်ထက် နှစ်ဆနီးပါးလောက် လမ်းမကောင်းတော့ တိုးတောင်းကြတယ်” လို့ ဒေါ်ညိမ်းအပိုင်ထဲမှာ နေထိုင်သူက ပြောပါတယ်။