AAထိန်းချုပ် ကျောက်တော်မြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သား၂၀ဦးထက်မနည်းထိခိုက်သေဆုံး

Photo-ABN

အောက်တိုဘာ၊ ၁၀

AAထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို ဒီကနေ့အောက်တိုဘာလ၁၀ရက်ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံအရပ်သား ၈ဦးထက်မနည်းသေဆုံးခဲ့ပြီး ဆယ်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက DNAကိုပြောပါတယ်။

ဒီကနေ့ညနေ၄နာရီကျော်မှာ ကျောက်တော်မြို့ မြို့မစျေး၊အလယ်တန်းကျောင်းဝန်းကျင်နဲ့ပြည်တော်သာရပ်ကွက်အမှုန့်ကြိတ်စက်အနီးကိုလေကြောင်းကနှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။

“ဘယ်လောက်အထိပြင်းလဲဆိုရင် ဒုံးနဲ့ပစ်လိုက်တော့ လေခွင်းတာလေ ဘေးကသွပ်မိုးတွေအကုန်လန်သွားတာ လေမုန်တိုင်းတိုက်သလို”လို့သတင်းရင်းမြစ်ကမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပုံကို ပြန်ပြောပြပါတယ်။

အဲဒီတိုက်ခိုက်မူအတွင်း သေဆုံးအရပ်သား၈ဦးအနည်းဆုံးရှိနိုင်ပြီး ဒဏ်ရာရရှိသူ ၁၀ဦးကျော်နိုင်တယ်လို့လည်း ကနဦးသိရပါတယ်။ ဒါပေမယ့် ထိခိုက်သေဆုံးသူအရေအတွက်က ပိုမိုတိုးပွားလာနိုင်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကဆိုပါတယ်။

ပြီးခဲ့တဲ့မေလကနေသြဂုတ်လအထိ လေးလတာကာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူ အကြိမ်ရှစ်ရာကျော်နိုင်ငံအဝန်းမှာပြုလုပ်ခဲ့ပြီး ရခိုင်ဒေသမှာအများဆုံးဖြစ်တယ်လို့လည်း လွတ်လပ်တဲ့သုတေသနအဖွဲ့တခုဖြစ်တဲ့ဉာဏ်လင်းသစ်ရဲ့မနေ့ကအောက်တိုဘာ၉ရက်ထုတ်အစီရင်ခံစာမှာဖော်ပြထားပါတယ်။

အစီရင်ခံစာအရလေးလတာအတွင်းတိုင်းနှင့်ပြည်နယ်၁၂ခုမှာလေကြောင်းတိုက်ခိုက်မူအကြိမ်ရေ၈၂၀ပြုလုပ်ခဲ့ပြီးရခိုင်ပြည်နယ်မှာ ၁၇၆ ကြိမ်နဲ့အများဆုံးဖြစ်ခဲ့တာပါ။

အဲဒီ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ရခိုင်ဒေသမှာအရပ်သား ၁၀၁ ဦးသေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။

ဒေသတွင်းစစ်ရေးအကဲခတ်တဦးကတော့ “နိုင်ငံတကာကလည်း အရေးမယူနိုင်တော့ စစ်တပ်ကလေကြောင်းတိုက်ခိုက်တာတွေ အရပ်သားပါမချန်လုပ်နေမှာပဲ၊ အဲဒီတော့ ဘယ်လိုကာကွယ်နေရမလဲဆိုတာ လေ့လာပြီးနေသင့်ပါတယ်”လို့အကြံပြုပါတယ်။