နိုဝင်ဘာ၊ ၁၃
ရှမ်းမြောက်မှာ ဖော်ဆောင်နေတဲ့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ ရက္ခိုင့်တပ်တော် (AA)ဟာ ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းနဲ့ စစ်ကြောင်းတချို့ကို ဒီနေ့မနက် ငါးနာရီဝန်းကျင်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းအချို့နဲ့ လက်နက်တွေ သိမ်းပိုက်ရရှိထားပြီလို့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
ဒါဟာ တနှစ်နီးပါးကြာ တိုက်ပွဲတွေ ရပ်နေခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းမှာ AA နဲ့ စစ်ကောင်စီတပ်တို့ အကြား ပထမဆုံးအကြိမ် တိုက်ပွဲတွေ တကျော့ပြန်စဖြစ်တာပါ။
AAဟာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ အငူမော်-မောင်တော ကားလမ်းမပေါ်မှာရှိတဲ့ ရသေ့တောင်မြို့နယ် ဒုံးပိုက်နဲ့ ချိန်ခါလီ နယ်ခြားစောင့် ရဲကင်းစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုံးပိုက်စခန်းကို သိမ်းပိုက်ရထားပြီလို့ ဆိုပါတယ်။
” ၄ နာရီ ၅၀(မိနစ်) လောက်ကနေ စတိုက်ကြတာ။ ငါးနာရီခွဲမှာ ဒုံးပိုက်စခန်းရတယ်။ ချိန်ခါလီမှာတော့ ဖြစ်နေသေးတယ်။ အခု ရသေ့တောင်မြို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ နယ်ခြားစောင့်စခန်းဆိုပေမယ့် စစ်သားတွေပဲ နေကြတာ ” လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။
အဲဒီနယ်ခြားစောင့် ရဲကင်းစခန်းတွေဟာ မယူတောင်ခြေရင်း၊ ကားလမ်းပေါ်မှာ တည်ရှိပြီး လွန်ခဲ့တဲ့ တလကျော်ကမှ လက်နက်၊ လူအင်အား ဖြည့်ထားတာ ဖြစ်တယ်လို့ နီးစပ်သူတွေနဲ့ မျက်မြင်ဒေသခံတွေက ပြောထားကြပါတယ်။
” မရှိရင်လည်း စခန်းတခုမှာ လူ ရှစ်ဆယ်လောက်တော့ ရှိမယ်။ လက်နက်တွေလည်း အများကြီး ရမှာပေ့ါ ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် ဒီနေ့မနက်အစောပိုင်းမှာပဲ မင်းပြားမြို့နယ် ဖားပြို (ချင်း)ရွာအနီး ရိက္ခာ၊ လက်နက်လာပို့တဲ့ စစ်ကောင်တပ်ရဲ့ ကားတွေကိုလည်း AA က ဖြတ်တိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ကားနှစ်စီးနဲ့ လက်နက်တွေ ရတယ်လို့ ကြားတယ်။ အတိအကျတော့ မသိသေးရသေးဘူး ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ရခိုင်မှာလည်း စစ်ဆင်ရေး ၁၀၂၇ အစပြုပြီလို့ ပြောလို့ရကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်တဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်ထဲမှာ ရေးသားအသိပေးခဲ့ပါတယ်။
ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ ရှမ်းမြောက်မှာ အောက်တိုဘာလ ၂၇ ရက်က စစ်ဆင်ရေး ၁၀၂၇၊ ကရင်နီပြည်နယ်မှာ စစ်ဆင်ရေး ၁၁၁၁ နဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တချို့နဲ့ ကရင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PDF တွေနဲ့ တိုင်းရင်းသားတွေ ပူးတွဲတိုက်ခိုက်နေကြပါတယ်။
ဓာတ်ပုံ – AA