ဆယ်စုနှစ် တခုကျော်အတွင်း စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို SFM ထုတ်ပြန်

နိုဝင်ဘာ၊ ၁၂

ဆယ်စုနှစ် တခုကျော်လောက် ကာလအတွင်း မြန်မာ စစ်တပ်ဟာ ဆိုးရွားလှတဲ့ ရာဇဝတ်မှုပေါင်းစုံကို ကျူးလွန်ခဲ့ပြီး အဲဒီကိစ္စတွေအတွက် စစ်တပ်ရဲ့ ထိပ်တန်း အရာရှိ အားလုံးရဲ့ သုံးပုံနှစ်ပုံလောက်မှာ တိုက်ရိုက် တာဝန်ရှိကြောင်း စောင့်ကြည့်ရေး အဖွဲ့တခုက ထုတ်ပြန်ခဲ့ပါတယ်။

ကိုလံဘီယာ ဥပဒေကျောင်းရဲ့ လူ့အခွင့်အရေးဌာနက ကိုင်တွယ်နေတဲ့ ပရောဂျက် တခုဖြစ်တဲ့ လုံခြုံရေး တပ်ဖွဲ့များ စောင့်ကြည့်မှု (SFM) အစီရင်ခံစာမှာ အဲဒီ အချက်အလက်တွေကို အကျယ်တဝင့် ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ မြန်မာ စစ်တပ်ရဲ့ ထိပ်တန်းအဆင့် အရာရှိ ၇၉ ဦးထဲက ၅၁ ဦး၊ တနည်းအားဖြင့် ၆၄ ရာခိုင်နှုန်းဟာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တိုက်ရိုက် ဆက်စပ်မှု ရှိတယ်လို့ ဆိုပါတယ်။

အားလုံးထဲမှာမှ အဆိုးတကာ့ အဆိုးဆုံး လူ့အခွင့်အရေး ချိုးဖောက်သူအဖြစ် အာဏာသိမ်း စစ်ကောင်စီမှာ ဒုတိယ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ ကာကွယ်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးကို SFMက အဓိက ရည်ညွှန်းထားပါတယ်။

SFMဟာ ၂၀၁၁ ကနေ ၂၀၂၃ ခုနှစ်အတွင်း စစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှု၊ ညှင်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ ပျောက်ကွယ်သွားအောင် ဖိအားပေးမှု အစရှိတဲ့ ရာဇဝတ်မှုတွေနဲ့ အဓိက ညွှန်ကြားတဲ့ စစ်ဦးစီး အရာရှိတွေကို ဆန်းစစ်လေ့လာ စာရင်း ပြုစုထားခဲ့တာ ဖြစ်ပါတယ်။

၁၂ နှစ်တာ ကာလအတွင်း စစ်တပ်ရဲ့ ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေမှာ အဓိက တာဝန်ရှိခဲ့သူ စစ်ခေါင်းဆောင် ၅၁ ဦးထဲမှာ ၉ ဦးက ရာထူးမတိုးခဲ့ဘဲ ၃ ဦးကတော့ အနာဂတ်မှာ ရာထူးတိုးဖို့ အလားအလာ ကောင်းတယ်လို့ ယူဆရကြောင်း၊ ၁၁ ဦးက ရာထူးတိုးမတိုး တိတိကျကျ မသိရသေးကြောင်းလည်း SFMက ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့အတူ မြန်မာနိုင်ငံမှာ အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း စစ်တပ်က ဒီမိုကရေစီရေး ဆန္ဒပြသူတွေနဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းနိုင်ဖို့ ရည်ရွယ်ခဲ့ကြောင်း SFMက ဆိုပါတယ်။ အခုတွေ့ရှိချက်တွေဟာ ပြစ်မှု ကျူးလွန်သူတွေကို အနာဂတ် ကာလမှ တရားမျှတမှု တောင်းဆိုနိုင်ရေးအတွက် အထောက်အပံ့ ဖြစ်စေဖို့ SFMက မျှော်လင့်ထားပါတယ်။

SFMဟာ ကမ္ဘာတလွှားက လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို စုံစမ်း ဖော်ထုတ်နေတဲ့ ပရောဂျက်ဖြစ်ပြီး ယီမင်က ဟိုသီသူပုန်တွေကို ဆော်ဒီအာရေးဘီးယား ဦးဆောင်တဲ့ အာရပ် တပ်ပေါင်းစုက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ အမေရိကန်က နောက်ကွယ်က ဘယ်လို ပံ့ပိုးခဲ့သလဲဆိုတဲ့ ကိစ္စမျိုးတွေကို ဖော်ထုတ်ခဲ့ဖူးကြောင်း သိရပါတယ်။

 

Ref: Guardian