ပျူစောထီးနှစ်ဦးက ရဲတပ်သားတဦးကိုပစ်သတ်ပြီး မြိုင်ပကဖဆီလက်နက်ချ

Photo – မြိုင်ပကဖ

စက်တင်ဘာ၊ ၂၅

မကွေးတိုင်းမြိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တဦးကို ပစ်သတ်ခဲ့တဲ့ ပျူစောထီးနှစ်ဦးက မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖဆီ လက်နက်အပ်ပူးပေါင်းလာတယ်လို့ အဲ့ဒီမြို့နယ် ပကဖခေါင်း ဆောင် ဗိုလ်လက်ျာက DNAကိုပြောပါတယ်။

“သူတို့နှစ်ယောက်လုံးက ပျူတွေ ။သူတို့အဖေတွေကလည်းပျူခေါင်းဆောင်တွေ”လို့ ဗိုလ်လက်ျာကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တဲ့ ညီညီထွန်းနဲ့  ဝေယံမင်းခန့်အောင်ဆိုသူနှစ်ဦးဟာ အခုလ ၁၂ရက်ာ ရဲတပ်သားယောကြီးဆိုသူကို ပစ်သတ်ကာ G-3 သေနတ်တလက်၊MA-1 သေနတ်တလက်နဲ့ ကျည်တချို့ကို ယူကာ မြိုင်မြို့ပေါ်ကနေ ထွက်ပြေးခဲ့ကြတာလို့သိရပါတယ်။

သူတို့နှစ်ဦးထွက်ပြေးလာချိန်မှာ သူတို့ကိုင်ဆောင်ခွင့်ရထားတဲ့ ကာဘိုင်သေနတ်တလက်ကိုတော့ ရဲတပ်သားကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်အနီးတဝိုက်မှာ လွှင့်ပစ်ထားခဲ့ပြီး မြိုင်ပကဖ အဖွဲ့ဝင်တွေက စက်တင်ဘာ ၂၃ရက်မှာ သွား ရောက်ရှာဖွေရာမှာ ကာဘိုင်သေနတ်နဲ့ ကျည်ရှစ်တောင့်ကိုတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

“ဒီကလေးတွေက သူ့သူငယ်ချင်းတယောက်ကကျွန်တော်တို့ဘက်မှာရှိတယ်လေ၊သူ့သူငယ်ချင်းက သေနတ်ပါရင် လက်ခံမယ်သေနတ်မပါရင် လက်မခံဘူးဆိုတော့ သူတို့ ရဲတယောက်ကို ချော့ခေါ်သွားပြီးမှ ပြစ်သတ်ပြီးကာမှ ရဲ ဆီက သေနတ်ကိုယူပြီးတော့ သူတို့မှာပေးထားတဲ့ကာဘိုင်ကိုအဝေးပစ်ခဲ့တာ”လို့ မြိုင်ပကဖ ခေါင်းဆောင် ဗိုလ်ကျ်ာက ပြောပါတယ်။

သူတို့နှစ်ဦးအပါအဝင် အခုလ စက်တင်ဘာ ၁၂ရက်ကနေ ၁၇ရက်အထိ ခြောက်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင်နဲ့ ပျူစောထီးလေးဦး မြိုင်ပကဖဆီ  လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ မြိုင်ပကဖ က ထုတ်ပြန် ထားပါတယ်။

ခြောက်ရက်အတွင်း လက်နက်ချလာသူနောက်နှစ်ဦးကတော့ စစ်ကောင်စီတပ်က ဒုတပ်ကြပ်တဦးနဲ့ တပ်သား အဆင့် တဦးပါဝင်တယ်လို့ သိရပါတယ်။တပ်သားအဆင့်ရှိသူ ဦးလှဖြူဟာ ရခိုင်ပြည်နယ် ကျောက်တော်ဇာတိ ဖြစ်ပြီး မြိုင်မြို့နယ်အထွက် မန္တလေးဂိတ်မှာတာဝန်ကျနေချိန် AK သေနတ်တလက်၊ကျည်၄၅တောင့်ယူကာ စက်တင်ဘာ ၁၅ရက်မှာမြိုင်ပကဖ ဆီထွက်ပြေးလာခဲ့တာလို့ဆိုပါတယ်။

အလားတူ လက်နက်နဲ့တကွ ထွက်ပြေးလာသူနောက်တဦးကတော့ ဧရာဝတီတိုင်း ပန်းတနော်ဇာတိ ဒုတပ်ကြပ် အဆင့်ရှိ ဇွဲလင်းပိုင်ဆိုသူဖြစ်ပြီး HK အမျိုးအစား သေနတ်တလက်၊ကျည်တရာနီးပါးနဲ့အတူ စက်တင်ဘာ ၁၇ရက်မှာ မြိုင်ပကဖဆီ လက်နက်ချခဲ့တာပါ။

အခုလို လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်လာသူတွေကို ထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေတွေ ပေးအပ်ကာ လက်ရှိမှာ ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတယ်လို့ မြိုင်ပကဖ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။နောက်ထပ် စစ်ကောင် စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ပြည်သူ့ရင်ခွင့်ဝင်ရောက်ခိုလှုံလိုရင် အချိန်မရွေးဆက်သွယ်နိုင် တယ်လို့ မြိုင်ပကဖ ကအသိပေးထားပါတယ်။