ဘန်ကောက် ပလက်ဖောင်း စျေးသည်တွေဟာ ထိုင်းနိုင်ငံသားတွေပဲ ဖြစ်ရမယ်လို့ သတ်မှတ်

စက်တင်ဘာ၊ ၂၀

လမ်းဘေး ပလက်ဖောင်း စျေးဆိုင်တွေ ဖွင့်လှစ် ရောင်းချခွင့်နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ စည်းမျဉ်း ကန့်သတ်ချက် အသစ်တွေ သတ်မှတ်သွားတော့မယ်လို့ သိရပါတယ်။

ဘန်ကောက် မြို့တော်ဝန်ရုံးက အတည်ပြုထားပြီး တော်ဝင် ပြန်တမ်းမှာ ဖော်ပြတဲ့ နောက်ဆုံးအဆင့်ကို ရောက်နေတဲ့ စည်းမျဉ်းသစ်တွေဟာ မကြာခင်မှာ လက်တွေ့ ကျင့်သုံးတဲ့ အခြေအနေ ဖြစ်လာမယ်လို့ သိရပါတယ်။ အပြောင်းအလဲတွေရဲ့ အခြေခံ အကျဆုံး သတ်မှတ်ချက်ကတော့ ဘန်ကောက်မှာ လမ်းဘေး ပလက်ဖောင်း စျေးဆိုင်တွေ ဖွင့်လှစ် ရောင်းချမှုဟာ ဆင်းရဲနွမ်းပါးတဲ့ ထိုင်းပြည်သူတွေအတွက်သာ ဖြစ်ရမယ် ဆိုတာပါပဲ။

စည်းမျဉ်းသစ်တွေမှာတော့ ဆိုင်ပိုင်ရှင်ဟာ ထိုင်းနိုင်ငံသား ဖြစ်ဖို့ လိုသလို ဆိုင်အကူ ဝန်ထမ်းတဦး ခန့်အပ်ခွင့်ရှိပါမယ်။ အဲဒီ ဆိုင်အကူကလည်း ထိုင်းနိုင်ငံသားပဲ ဖြစ်ရပါမယ်။ ပြီးတော့ သက်ဆိုင်ရာ ကျန်းမာရေး တာဝန်ရှိသူတွေဆီက ဆေးစစ် အတည်ပြုချက်တွေလည်း ရယူထားရမှာပါ။

လမ်းဘေးစျေးဆိုင်တွေဟာ အစိုးရရဲ့ အသိအမှတ်ပြု ကတ်တွေ ကိုင်ဆောင်ထားဖို့ လိုသလို အမျိုးသား အိမ်ရာ အာဏာပိုင် အဖွဲ့က တာဝန်ယူ တည်ဆောက်ပေးတဲ့ ယာယီ ဆိုင်ခန်းတွေအတွက် အရစ်ကျငွေ ပေးသွင်းရမှာ ဖြစ်ပါတယ်။ တဖက်မှာလည်း ထိုင်းလူမှု ဖွံ့ဖြိုးရေးနဲ့ လူမှုလုံခြုံရေး ဌာနက ထိုင်းလမ်းဘေးစျေးဆိုင်တွေအတွက် ကောင်းကျိုးခံစားခွင့်တွေ စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ ထိုင်းပြည်သူတွေ အသက်မွေးနိုင်ဖို့အတွက်သာ ရည်ရွယ် ခွင့်ပြုထားတာ ဖြစ်တဲ့အတွက် စျေးဆိုင်တခုချင်းစီရဲ့ အခွန်နုတ်ပြီး တနှစ်စာ ဝင်ငွေဟာ ဘတ် ၃ သိန်း ကျော်လွန်လို့ မရပါဘူး။ အဲဒီထက် ကျော်ရင် တခြား လုပ်ငန်းဆိုင်ရာ အခွန်သတ်မှတ်ချက်တွေထဲ အကျုံးဝင်ပြီး အခွန်ပိုဆောင်ရမှာ ဖြစ်ပါတယ်။

ပလက်ဖောင်း စျေးသည်တွေဟာ လူသွားစင်္ကြံ ပလက်ဖောင်းရဲ့ အကျယ်ကိုလိုက်ပြီး လျှောက်လမ်းနေရာ တမီတာခွဲကနေ နှစ်မီတာထိ နေရာချန်ပြီး ဆိုင်ဖွင့်ရမှာ ဖြစ်ပါတယ်။ ဆိုင်ခန်း နေရာတွေဟာ ပလက်ဖောင်းရဲ့ ကားလမ်းဖက်ခြမ်းမှာ ဖွင့်ရမှာ ဖြစ်ပေမယ့် လုံခြုံရေးအရ ကြားထဲမှာ ၅၀ စင်တီမီတာ အနည်းဆုံး နေရာချန်ရပါမယ်။ ဆိုင်ခန်းတိုင်းရဲ့ အကျယ်ဟာ ၃ စတုရန်းမီတာ ကန့်သတ်ထားမှာ ဖြစ်ပြီး ဆိုင်ခန်း ၁၀ ခုဆက်တိုက် နေရာချပေးပြီးတိုင်း ကြားထဲမှာ အရေးပေါ် အဝင်အထွက် လုပ်နိုင်မယ့် နေရာအဖြစ် အနည်းဆုံး ၃ မီတာ နေရာလွတ် ချန်ထားဖို့လည်း ညွှန်ကြားထားကြောင်း သိရပါတယ်။

Ref: Bangkok Post