ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေကြောင့် ဘန်ကောက်မြို့ကို နေရာပြောင်းရွှေ့ရနိုင်ခြေ ရှိတယ်လို့ဆို

ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေရဲ့ အကျိုးဆက်အဖြစ် ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်ကိုတောင် နေရာရွှေ့ပြောင်းရနိုင်ခြေတွေ ရှိလာနိုင်ကြောင်း သက်ဆိုင်ရာ ထိပ်တန်း အရာရှိ တဦးက သတိပေးခဲ့ပါတယ်။

ထိုင်းအစိုးရရဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်ရေးဌာနမှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူထားတဲ့ ပါဗစ်ချ် ကီဆာဗာဝေါင်က ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုတွေက ဘန်ကောက်ကို ရေရှည်မှာ ခြိမ်းခြောက်လာနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

အခုလက်ရှိမှာတောင် ဘန်ကောက်ရဲ့ မြေနိမ့်ပိုင်း နေရာအများအပြားဟာ ရေကြီးမှုဒဏ်ကို ခံနိုင်ရည် ကင်းမဲ့တဲ့ အဆင့်မျိုး ဖြစ်နေပြီလို့ ပါဗစ်ချ်က ဆိုပါတယ်။

စက်မှု မထွန်းကားခင် ကာလတွေတုန်းက ကမ္ဘာ့ပျမ်းမျှ အပူချိန်ထက် ၁.၅ ဒီဂရီ ဆဲလ်ဆီးရပ်စ် ပိုတိုးလာရင် ရာသီဥတု ဖောက်ပြန်မှု အန္တရာယ်တွေ ကြီးမားလာနိုင်တယ်ဆိုတဲ့ သတ်မှတ်ချက်ထက် ကျော်လွန်သွားခဲ့ပြီး ဖြစ်ကြောင်း၊ အခုအချိန်မှာတော့ လက်တွေ့ အခြေအနေကို ရင်ဆိုင်ပြီး သင့်တော်မယ့် ပြုပြင်ပြောင်းလဲမှုတွေကိ စဉ်းစားဖို့ လိုအပ်လာကြောင်း သူက ဆိုပါတယ်။

သူ့အမြင်မှာတော့ ဘန်ကောက်ဟာ ရေအောက်ထဲ နစ်မြုပ်လာမယ့် အခြေအနေကို ရှောင်လွှဲလို့ မရတဲ့အတွက် အဲဒီအခါ ဘာဆက်လုပ်မလဲ တွေးထားသင့်ပြီဖြစ်ကြောင်း ပါဗစ်ချ်က ပြောကြားသွားပါတယ်။

ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်ကျတည်ရှိတဲ့ နယ်သာလန်မှာ အခုလို စိန်ခေါ်မှုမျိုးကို ဘယ်လို အံတုတားဆီးသလဲ ဆိုတာကို ဘန်ကောက်မြို့တော် အုပ်ချုပ်ရေး အဖွဲ့က စတင် မှီငြမ်းပြီး အစီအမံတွေ လုပ်ဆောင်နေပြီလို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့ တမြို့လုံးကို မဖြစ်မနေ ရွှေ့ပြောင်းရမယ်ဆိုတဲ့ ဖြစ်နိုင်ခြေမျိုးကိုလည်း မဖြစ်မနေ ထည့်တွက်ထားသင့်ကြောင်း ပါဗစ်ချ်က သတိပေးခဲ့ပါတယ်။

ဒါဟာ ထည့်တွေးထားဖို့ အကြံပြုချက် တခုသာ ဖြစ်ပြီး မြို့တော်ကို ရွှေ့ပြောင်းဖို့ ဆိုတာဟာ ရှုပ်ထွေးမှုတွေ အများကြီး ရှိနိုင်တယ်လို့လည်း သူက ဝန်ခံခဲ့ပါတယ်။

နောက်ထပ် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားဟာလည်း အလားတူ ပြဿနာမျိုးကြောင့် အခုနှစ်ကစလို့ ဂျကာတာကို မြို့တော်သစ် နျူဆန်တာရာဆီ အသုတ်လိုက် ​ရွှေ့ပြောင်းဖို့ စီစဉ်နေပါပြီ။ အငြင်းပွားစရာမျိုးစုံနဲ့ အဲဒီ စီမံကိန်းဟာ ဒေါ်လာ ၃၂ ဘီလီယံကနေ ၃၅ ဘီလီယံကြားထိ ကုန်ကျမယ်လို့လည်း ခန့်မှန်းထားပါတယ်။

Ref: CAN