ရာသီဥတု ပူလွန်းတာကြောင့် ဖိလစ်ပိုင် ကျောင်းတွေ အွန်လိုင်း သင်ကြားမှုပုံစံ ပြောင်းထားရ

ဧပြီ ၊ ၆

ရာသီဥတု ပူလွန်းတဲ့အတွက် ဖိလစ်ပိုင်မှာ ကျောင်းသားတွေ ကျောင်းထိ သွားရောက် အတန်းတက်ရတာကို ဆိုင်းငံ့ထားစေကြောင်း သိရပါတယ်။

ဧပြီလ ၅ ရက်မှာ ဖိလစ်ပိုင် တနံတလျားက ထောင်နဲ့ချီတဲ့ ကျောင်းတွေကို ကျောင်းခန်းတွေ ပိတ်ထားဖို့ ပညာရေး ဝန်ကြီးဌာနက ညွှန်ကြားခဲ့ပါတယ်။ အဲဒီအစား ကျောင်းပေါင်း ၅၂၈၈ ခုဟာ ကျောင်းသား ၃.၆ သန်းကို အွန်လိုင်းနဲ့ အဝေးရောက် သင်ကြားရေး စနစ်တွေ အကူအညီနဲ့ပဲ သင်ခန်းစာတွေ ပို့ချစေခဲ့တာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းက ကျွန်းစုနိုင်ငံမှာတော့ မတ်၊ ဧပြီနဲ့ မေလတွေဟာ နှစ်စဉ် အပူဆုံး၊ အခြောက်သွေ့ဆုံး ကာလတွေ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ အယ်လ်နီညို အပူလှိုင်းဒဏ်ကပါ ဖိစီးနေတာကြောင့် ရာသီဥတု အခြေအနေက ပိုပြီးတော့ ဆိုးရွားနေပါတယ်။

ဖိလစ်ပိုင်က ကျောင်းအများစုမှာ လေအေးပေးစက် တပ်ဆင်ထားခြင်း မရှိသလို လေဝင်လေထွက် မကောင်းတဲ့အပြင် အတန်းတွေမှာ ကျောင်းသူကျောင်းသားတွေ ပြည့်နှက်နေတတ်တယ်လို့ ဆိုပါတယ်။

အစောပိုင်း ကတည်းက ပညာရေး ဝန်ကြီးဌာနဟာ ကျောင်းအသီးသီး အနေနဲ့ အပူချိန် လွန်ကဲမှု ပြဿနာတွေ ကြုံလာရင် အွန်လိုင်း သင်ကြားရေး စနစ်မျိုးကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းလဲကြဖို့ ကြိုတင် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ တချို့ကျောင်းတွေကတော့ နေ့တနေ့ရဲ့ အပူဆုံး အချိန်ကို ရှောင်ဖို့ ကျောင်းချိန်တွေ ပြောင်းလဲပစ်တာမျိုး ရှိခဲ့ပါတယ်။

ဧပြီ ၅ ရက်နေ့က ဖိလစ်ပိုင်ရဲ့ ဒေသတချို့ဟာ အန္တရာယ်ရှိတဲ့ အဆင့်လို့ သတ်မှတ်ထားတဲ့ အပူချိန် ၄၃ ဒီဂရီ ဆဲလ်ဆီးရပ်စ်ရဲ့ အထက်ကို ကျော်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ မနီလာ မြို့တော်မှာလည်း အပူချိန်က ၄၀ ဒီဂရီ ဆဲလ်ဆီးရပ်စ် ကျော်ထိ မြင့်တက်ခဲ့ပြီး မြို့ခံတွေ အနေနဲ့ ချွေးထွက်လွန်ပြီး မောပန်းနွမ်းနယ်တာ၊ အပူလျှပ်တာတွေ ကြုံနိုင်တယ်လို့ သတိပေး ကြေညာချက်တွေ ထုတ်ပြန်ထားရပါတယ်။

Ref: CNA