ဆရက်သာဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေး ကာလမျိုးအတွက် အသင့်တော်ဆုံး ဝန်ကြီးချုပ်လို့ သက်ဆင်ထောက်ခံ

ဧပြီ ၊ ၆

လက်ရှိ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆန်ဟာ ပြုပြင်ပြောင်းလဲရေး ကာလမျိုးအတွက် အမှန်တကယ် သင့်တော် ကိုက်ညီတဲ့ ခေါင်းဆောင်တဦး ဖြစ်တယ်လို့ သက်ဆင် ရှီနာဝပ်ထရာက ထောက်ခံ ပြောကြားလိုက်ပါတယ်။

ဆရက်သာဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိန်းချုပ်ထားရာ ဖျူထိုင်းပါတီ (PTP)ကို ကိုယ်စားပြုပြီး ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေသူပါ။ ဆရက်သာက သက်ဆင်ရဲ့ လက်ရုံးတဦးအဖြစ် သတ်မှတ် ခံထားရတဲ့တိုင် တဖက်မှာလည်း လက်ရှိ PTP ခေါင်းဆောင်လည်းဖြစ်၊ သက်ဆင်ရဲ့ သမီးအရင်းလည်းဖြစ်တဲ့ ပေတွန်တန် ရှီနာဝပ်ထရာက ဆရက်သာရဲ့ အရိုက်အရာကို ပြောင်းလဲ ရယူနိုင်ကြောင်း ခန့်မှန်းသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

လက်ရှိ အချိန်ထိ ထိုင်းနိုင်ငံရေးမှာ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တဦး အနေနဲ့ ရပ်တည်နေတဲ့ သက်ဆင်ကတော့ ဆရက်သာဟာ ဝန်ကြီးချုပ် ရာထူးနဲ့ အမှန်တကယ် သင့်တော်သူ တဦးအဖြစ် ထောက်ခံခဲ့ပါတယ်။

နိုင်ငံရေး အသွင်ကူးပြောင်းမှု ကာလမျိုးမှာ ဆရက်သာ ဝန်ကြီးချုပ် ဖြစ်လာတာဟာ လူမှန်၊ နေရာမှန်လို့ ဆိုနိုင်ကြောင်း၊ ပါတီပေါင်းများစွာနဲ့ ထိတွေ့ ဆက်ဆံမှုတွေမှာ ဆရက်သာဟာ သူ့ရဲ့ အတွေ့အကြုံတွေကို အသုံးချပြီး ကောင်းကောင်း ကိုင်တွယ်နိုင်မှာဖြစ်ကြောင်း သက်ဆင်က PTPရဲ့ နှစ်ပတ်လည် ညီလာခံဆီ ဧပြီ ၅ ရက်နေ့က ပေးပို့တဲ့ အသံဖိုင်ထဲမှာ ထည့်သွင်း ပြောကြားထားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဆရက်သာဟာ နိုင်ငံရေး အတွေ့အကြုံ များများစားစား ရှိသူမဟုတ်ဘဲ စီးပွားရေး နယ်ပယ်မှာ အောင်မြင်ခဲ့သူ တဦးသာ ဖြစ်ပါတယ်။ သူဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရဟာ ကိုဗစ်ကာလအလွန် နိုင်ငံစီးပွားရေး ပြန်လည် ဦးမော့စေရေးကို အဓိကထား အားထုတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။ 

၂၀၀၆ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုကို ခံခဲ့ရတဲ့နောက် ပြည်ပမှာ နှစ်ရှည်လများ တိမ်းရှောင်နေခဲ့တဲ့ သက်ဆင်ဟာ မနှစ်တုန်းက ထိုင်းကိုပြန်ရောက်လာ၊ မျက်ကွယ်မှာ ချမှတ်ထားတဲ့ ထောင်ဒဏ်ကို ခံယူပြီးတဲ့နောက် အခုအခါ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်နေပါပြီ။ အသက် ၇၄ နှစ်အရွယ် ဘီလီယံနာ သူဌေးကြီးက သူဟာ နိုင်ငံရေး လောကကနေ အပြီးတိုင် အနားယူပြီလို့ ကြေညာထားပေမယ့် လေ့လာစောင့်ကြည့်သူ အများစုကတော့ PTPနဲ့ ထိုင်းနိုင်ငံရေးအပေါ် သက်ဆင်ရဲ့ လွှမ်းမိုးမှုက ကြီးကြီးမားမား ဆက်ရှိနေဦးမယ်လို့ သုံးသပ်ထားကြပါတယ်။ 

Ref: Bangkok Post