ဩဂုတ်၊ ၁
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ လက် ချက်ကြောင့် နှစ်ပတ်အတွင်း အရပ်သား ဆယ့်တဦးထက်မနည်း သေဆုံးကာနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA) နဲ့ ဒေသခံတွေက ပြောပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့အတွင်း လှုပ်ရှားနေတဲ့ ARSA နဲ့ စစ်ကောင်စီက လက်နက်တပ်ဆင် ပေးထားတဲ့ ရိုဟင်ဂျာတွေဟာ ဒေသတွင်း အရပ်သားပြည်သူတွေကို အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက်လုပ်နေတာလို့ ဒေသခံတွေကဆိုပါတယ်။
မနေ့က ဇူလိုင်လ ၃၁ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ကျီး ကန်းပြင်ရွာအနီးမှာ ဈေးလာ၀ယ်တဲ့ ကုန်သည်မိသားစုကားကို ARSA အဖွဲ့က သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာကြောင့် ကားပေါ်ပါလာသူ ငါးဦးသေဆုံးကာ ကျန်နှစ်ဦးမှာလည်း ပြင်းထန်ဒဏ်ရာရသွားခဲ့တယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။
“ARSA က လမ်းမှာစောင့်ပြီး ပစ်သတ်ပစ်တာ၊ ကားကို သေနတ်နဲ့ အချက်ပေါင်း အများကြီး ပစ်တယ်၊ ငါးယောက် ပွဲချင်းပြီး သေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း စိုးရိမ်ရတယ်၊ အခုတော့ တပ်တော်(AA) က ဆေးကုပေးထားတယ်” လို့ အဲဒီအကြောင်း သိထားတဲ့ မောင်တောဒေသခံက DNA ကို ပြောပါတယ်။
မနေ့က ပစ်ခတ်သတ်ဖြတ်ခံရတဲ့သူတွေဟာ မောင်တောမြို့နယ်မှာ စစ်ရှောင်နေကြတဲ့ ဘူးသီးတောင်မြို့ခံတွေ ဖြစ်ပြီး ကြိမ်ချောင်းရွာသို့ ဈေးသွား ၀ယ်ကြစဉ် သတ်ဖြတ်ခံခဲ့ကြရတာလို့ ဆိုပါတယ်။ သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ အမျိုးသား ခြောက်ဦး၊ အမျိုးသမီးတဦး ပါ၀င်ပါတယ်။
ရိုဟင်ဂျာလက် နက်ကိုင်အဖွဲ့ ARSA က ကျူးလွန်ခဲ့တာလို့ မျက်မြင်ဒေသခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး မောင်တောဒေသခံတဦးက ပြောပေမယ့် DNA က သီးသန့်အတည်ပြုလို့တော့ မရသေးပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ)မော်နီကိုကျေးရွာအနီးမှာ လက်ပြန်ကြိုးခံထားရတဲ့ စစ်ဘေးရှောင် ခမီလူမျိုး ခုနှစ်ဦးရဲ့ အလောင်းကို တွေ့ခဲ့ရပြီး အဲဒီဖြစ်စဥ်ကိုလည်း စစ်ကောင်စီသင်တန်းပေး၊ လက်နက်တပ်ဆင်ထားတဲ့ ရိုဟင်ဂျာတွေက ကျူးလွန်တာလို့ AA က ထုတ်ပြန်ထား ပါတယ်။
အဲဒီခမီလူမျိုးတွေဟာ ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်၊ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင် နေထိုင်ကြသူတွေ ဖြစ်ပြီး တောင်ပေါ်သို့ မျှစ်သွားခူးစဉ် အသတ်ခံခဲ့ရတာလို့ AA က ဆိုပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောဒေသမှာစစ်ကောင်စီတပ်က ရိုဟင်ဂျာတွေကို သင်တန်းပေးပြီး လက် နက်တပ်ဆင် ပေးတာတွေ ဆက်တိုက် ပြုလုပ်ပေးတဲ့နောက်ပိုင်းမှာ အရပ်သားပြည်သူတွေကို အကြမ်းဖက်တာ၊ ဖမ်းဆီးငွေညှစ်တာ၊ ပြည်သူတွေ သွားလာတဲ့လမ်းမှာ မိုင်းထောင်တာ၊ ရပ်ရွာအချို့ကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားပြည်သူပိုင်အိမ်တွေကို ဖောက်ထွင်းလုယက်တာ၊ ခြိမ်းခြောက်စာကပ်တာတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့ AA က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
“ဒီဖက်မှာ ARSA ရော တခြား မူဆလင်လက်နက်ကိုင်တွေရော ကျန်နေသေးတယ်၊ သူတို့အကုန်လုံးကို စစ်ကောင်စီကပဲ ထောက်ပံ့ပေးထားတာ”လို့ ဘူးသီးတောင်ဒေသခံတဦးက ပြောပါတယ်။
ဒါကြောင့် အရပ်သားပြည်သူတွေအနေနဲ့ ဟင်းရှာတာ၊ သွားလာ၊ နေထိုင်တာတွေမှာ အထူးဂရုစိုက်ကြဖို့လိုတယ်လို့လည်းAAကသတိပေးထားပါတယ်။
အဲဒီလို ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ လုံခြုံရေးတို့အပေါ် နှောင့်ယှက်နေတဲ့ စစ်ကောင်စီနဲ့ လက်နက်ကိုင်ရိုဟင်ဂျာ( မူဆလင်လို့သုံး)တွေကို ထိုက်သင့်တဲ့ တုံ့ပြန်မှုမျိုးနဲ့ တုံ့ပြန်သွားမယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ထက်၀က်ကျော်ကို လက်လွှတ်ထားရပြီး ကျန်မြို့တွေရှိ တပ်စခန်းတွေလည်း တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာထောင်ချီကို အတင်းအကြပ်စစ်မှုထမ်းခိုင်းကာ စစ်သင်တန်းပေး၊ လက်နက်ထောက်ပံ့နေတာဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ဒေတွင်း တကျော့ပြန်တိုက်ပွဲတွေ မစခင် ၂၀၂၃ နွေရာသီတုန်းကလည်း မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့အတွင်း လှုပ်ရှားနေတဲ့ ARSA အပါအ၀င် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကိုပါ လက်နက်ထောက်ပံ့၊ စစ်သင်တန်းပေးတာတွေ ရှိခဲ့တယ်လို့ မျက်မြင်ဒေသခံတွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက DNA ကို ပြောထားပါတယ်။
လက်ရှိမှာ ရိုဟင်ဂျာလက်နက်ကိုင်တွေ ရှိနေတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့ထဲမှ ဘူသီးတောင်မြို့နယ်ကို AA က သိမ်းပိုက်ထားပြီး မောင်တောမြို့နယ်တခုလုံးကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီနောက်ဆုံး တပ်စခန်းတခုသာ ကျန်တော့တာဖြစ်ပါတယ်။
Photo – ABN
ပုံစာ – မောင်တောမြို့နယ်ကျီး ကန်းပြင်ရွာအနီးမှာဇူလိုင်၃၁ရက်ကအပစ်ခံရတဲ့မော်တော်ယာဥ်