အမေရိကန် ကြေးစားတပ်တွေ ယူကရိန်းမှာ ဖြန့်ကျက်ဖို့ ခွင့်ပြုမယ့် အလားအလာတွေရှိနေ

ဇွန်၊ ၂၆

အမေရိကန်ရဲ့ ကြေးစား ကန်ထရိုက် တပ်ဖွဲ့တွေကို ယူကရိန်းမှာ ဖြန့်ကျက်နိုင်အောင် အမေရိကန် အစိုးရက သွယ်ဝိုက် ခွင့်ပြုလာဖွယ် ရှိနေကြောင်း သိရပါတယ်။ 

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရဟာ ယူကရိန်းကို အမေရိကန်တပ်တွေ စေလွှတ်တာမျိုး လုံးဝလုပ်မှာ မဟုတ်ဘူးလို့ အစဉ်တစိုက် ငြင်းဆန်ထားပါတယ်။ ဒါပေမဲ့လည်း လက်ရှိ အနေအထားအရ အမေရိကန် ကြေးစား တပ်ဖွဲ့တွေကို ယူကရိန်းမှာ ဖြန့်ကျက်နိုင်အောင် ဥပဒေရေးရာ အတားအဆီးတွေကို ဖယ်ရှားဖို့ လုပ်ဆောင်နေ​ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဲဒီ ခြေလှမ်းဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ယူကရိန်းက ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရေး ဆက်လက် အကူအညီ ပေးဖို့နဲ့ ယူကရိန်း အသုံးပြုနေတဲ့ အမေရိကန် စစ်လက်နက်တွေကို ကိုင်တွယ် ထိန်းသိမ်းရာမှာ အထောက်ိအကူ ဖြစ်စေဖို့ ရည်ရွယ်ဟန် ရှိပါတယ်။

အခုသတင်းသာ မှန်တယ်ဆိုရင် ယူကရိန်း ပဋိပက္ခမှာ တိုက်ရိုက်ကျကျ ဝင်စွက်ဖက်ဖို့ လက်ရှောင်လေ့ရှိတဲ့ ဘိုင်ဒန်ရဲ့ မူဝါဒမှာ သိသာတဲ့ အပြောင်းအလဲတွေ ဆက်တိုက် မြင်လာရတာလို့ ဆိုရပါမယ်။ ဘိုင်ဒန်ဟာ မကြာသေးခင်ကလည်း အမေရိကန်လုပ် စစ်လက်နက်တွေကို ယူကရိန်း ပိုင်နက်နားက ရုရှားနယ်မြေတွေထဲက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အသုံးချနိုင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

CNNရဲ့ သတင်းရင်းမြစ် စစ်ဘက် အရာရှိတွေက အမေရိကန် ကြေးစားတပ်တွေကို ယူကရိန်းအတွက် ငှားရမ်းနိုင်ရေး ဥပဒေအရ ခွင့်ပြုဖို့ကို အသေးစိတ် စိစစ်နေဆဲဖြစ်ပြီး ဘိုင်ဒန်က လက်မှတ် မထိုးသေးသလို ခိုင်မာတဲ့ ဆုံးဖြတ်ချက်လည်း မချသေးဘူးလို့ ပြောပါတယ်။

အဲဒီကိစ္စ အတည်ပြုနိုင်မယ် ဆိုရင်တော့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ ယူကရိန်းကို စစ်လက်နက်တွေ ထောက်ပံ့ရုံသာ မကဘဲ အမေရိကန် ကြေးစား တိုက်ခိုက်ရေး ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး ယူကရိန်းအတွက် ကြေးစား တပ်ဖွဲ့ဝင်တွေကိုပါ ထောက်ပံ့ပေးလာနိုင်မယ့် သဘောပါပဲ။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်တုန်းကတော့ ဘိုင်ဒန်ဟာ အမေရိကန် နိုင်ငံသားတွေအားလုံး၊ အထူးသဖြင့် လက်ရှိ အမေရိကန် စစ်မှုထမ်းတွေကို ယူကရိန်း ရှေ့တန်း စစ်မြေပြင်နဲ့ ကင်းကင်း နေစေမယ်လို့ ပြောခဲ့ဖူးပါတယ်။ နောက်ပြီး ၂၀၂၂ ကစလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း နိုင်ငံသားတွေ ယူကရိန်းကို သွားရောက်တာမျိုး မလုပ်သင့်ကြောင်း အတိအလင်း သတိပေး ထုတ်ပြန်ထားပါတယ်။

Ref: CNN