တရုတ်စျေးကွက်ထဲ မလေးရှား ဒူးရင်းသီးတွေ တင်ပို့ခွင့် ရလာပေမယ့် အခက်အခဲတွေ ရှိနေဆဲ

ဇွန်၊ ၂၆

တရုတ်ဖက်က မီးစိမ်းပြလိုက်ခြင်းနဲ့အတူ မလေးရှားဟာ ဒူးရင်းသီး လတ်လတ်ဆတ်ဆတ်တွေ တင်ပို့ရောင်းချမှုကို အစပြုလာပေမယ့် သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ စိန်ခေါ်မှုတွေ ကြုံလာမှာကို ကုန်သည်တွေက စိတ်ပူနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တရုတ်သမ္မတ လီကျန်းရဲ့ မလေးရှား ခရီးစဉ်အတွင်း အခုလိုမျိုး ဒူးရင်းသီးတွေ တင်ပို့ခွင့် သဘောတူညီချက်ကို အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

အနံ့ပြင်းပြီး ချွန်ထက်တဲ့ အစူးတွေနဲ့ ဖုံးအုပ်ထားပေမယ့် အရသာရှိတဲ့ သစ်သီးတွေကို တရုတ်မှာ ခံတွင်းတွေ့ပြီး ဝယ်ယူစားသုံးမှုတွေက ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း တရိပ်ရိပ် တိုးလာခဲ့ပါတယ်။ မလေးရှားရဲ့ နာမည်ကြီး မူဆန်ကင် အမျိုးအစား ဒူးရင်းဟာ တရုတ်မှာ အတော်လေး လူကြိုက်များခဲ့ပါတယ်။

ဒါကြောင့်လည်း တရုတ် ဝယ်လိုအား တိုးလာတာကို အလျဉ်မီအောင် ဖြည့်ဆည်းဖို့ ရည်ရွယ်ပြီး အရှေ့တောင်အာရှ ဒေသရဲ့ အပူပိုင်းဇုန် နိုင်ငံမှာ ဒူးရင်းစိုက်ခင်းတွေကို ပိုမို ချဲ့ထွင်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံပြီးရင် ဒူးရင်းသီး စိုက်ပျိုးထုတ်လုပ်မှု ဒုတိယ အများဆုံးအဖြစ် ရပ်တည်နေတဲ့ မလေးရှားဟာ အရင်တုန်းက လတ်ဆတ်တဲ့ ဒူးရင်းသီးတွေ တရုတ်စျေးကွက်ထဲ တင်ပို့ခွင့် မရခဲ့ပါဘူး။ အဲဒီအစား အေးခဲဒူးရင်းသီးနဲ့ ဒူးရင်းယိုလို ဆက်စပ် စားသုံးကုန်တွေကိုသာ တင်ပို့ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်က အဲဒီလို ဒူးရင်းသီးနဲ့ ဆက်စပ်တဲ့ ကုန်စည်တွေ တင်ပို့မှုဟာ မလေးရှား ရင်းဂစ် ၁.၉ ဘီလီယံဖိုးလောက်ထိ များပြားခဲ့တယ်လို့ သိရပါတယ်။

ကွာလာလမ်ပူ အခြေစိုက် ဒူးရင်း စိုက်ပျိုးရေး လုပ်ငန်းရှင် တစ်ဦးကတော့ လတ်ဆတ်တဲ့ ဒူးရင်းသီးတွေ တရုတ်ကို တင်ပို့ရေးအတွက် တက်တက်ကြွကြွ ပြင်ဆင်နေသလို တဖက်မှာလည်း သယ်ယူပို့ဆောင်မှု အခက်အခဲတွေအတွက် စိုးရိမ်နေကြောင်း ဝန်ခံပါတယ်။ ဒါ့အပြင် ထိုင်းနဲ့ ဗီယက်နမ်တို့က တင်ပို့နေတဲ့ ပိုမို စျေးသက်သာတဲ့ မျိုးကွဲ ဒူးရင်းတွေကို ယှဉ်ပြိုင်ဖို့လည်း ဖိအားတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။

ဒူးရင်းသီးတွေဟာ အပင်ကနေ ခူးပြီး ၃ ရက်လောက် ကြာရင် မှည့်ကုန်တာကြောင့် တိုတောင်းတဲ့ ကာလအတွင်း တရုတ် စျေးကွက်ထဲ လတ်လတ်ဆတ်ဆတ် တင်ပို့ရေး ဆိုတာကလည်း ရှုပ်ထွေးတဲ့ စိန်ခေါ်မှု ဖြစ်နေပါတယ်။ အခုအခါမှာတော့ ဒူးရင်း စိုက်ပျိုးမှု လုပ်ငန်းရှင်တွေဟာ အသီးတွေကို မှည့်တဲ့နှုန်း နှေးကွေးစေမယ့် နည်းလမ်းတွေကို မျိုးစုံကြံဆ စဉ်းစားနေပါတယ်။

တရုတ်ဖက်က လမ်းဖွင့်ပေးလိုက်တာကို ကြိုဆိုရမှာ ဖြစ်ပေမယ့် မလေးရှားရဲ့ လတ်ဆတ်တဲ့ ဒူးရင်းသီးတွေ တရုတ်စျေးကွက်ထဲ အလုံးအရင်း ရောက်သွားဖို့ကတော့ လတ်တလော နီးနီးကပ်ကပ် ကာလမျိုးမှာ မဖြစ်နိုင်လောက်သေးဘူးလို့လည်း သိရပါတယ်။

Ref: Asia One