မေ၊ ၂၀
ရဟတ်ယာဉ် ပျက်ကျမှုမှာ ပါသွားခဲ့တဲ့ အီရန်သမ္မတ အီဘရာဟင် ရိုင်ဆီနဲ့ အရာရှိ တချို့အတွက် မျှော်လင့်ချက် လုံးဝနီးပါး မရှိနိုင်တော့ဘူးလို့ သိရပါတယ်။
အီရန် အစိုးရက နိုင်ငံ အနောက်မြောက်ပိုင်း၊ တောင်ထူထပ်ရာ ဗာဇ်ခန် မြို့တဝိုက် တောင်တန်းတွေထဲကို မေလ ၁၉ ရက်နေ့က ရိုင်ဆီ လိုက်ပါသွားတဲ့ ရဟတ်ယာဉ် ပျက်ကျခဲ့တာပါ။ Bell 212 အမျိုးအစားလို့ ယုံကြည်ရတဲ့ ရဟတ်ယာဉ်ဟာအိမ်နီးချင်း အဇာဘိုင်ဂျန် နိုင်ငံက ရေအားလျှပ်စစ် ဆည်ကြီးတစ်ခု ဖွင့်ပွဲကနေ ပြန်လာတဲ့ အီရန် အစိုးရ ထိပ်တန်း အရာရှိတွေကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ် သုံးစီးထဲမှာ အပါအဝင် ဖြစ်ပါတယ်။
သမ္မတရဲ့ ရဟတ်ယာဉ် ပျက်ကျသွားကြောင်း အီရန်က အတည်ပြု ထုတ်ပြန်ပြီးတာနဲ့ မဟာမိတ် နိုင်ငံတွေရော၊ ဆက်ဆံရေး တင်းမာမှုတွေ ရှိခဲ့တဲ့ ပြိုင်ဘက် နိုင်ငံတွေကပါ ရဟတ်ယာဉ်ပျက်ကို အပူတပြင်း ကူညီ ရှာဖွေပေးခဲ့ကြပါတယ်။ ၁၂ နာရီကျော်လောက် အကြာမှာတော့ ရဟတ်ယာဉ်ပျက်ကို ရှာတွေ့ခဲ့ပြီး ကနဦး စစ်ဆေးမှုတွေအရ အသက်ရှင်ကျန်သူတွေ ရှိနိုင်တဲ့ အထောက်အထား မတွေ့ရဘူးလို့ သိရပါတယ်။
ရဟတ်ယာဉ်ပေါ်မှာ သမ္မတ ရိုင်ဆီအပြင် နိုင်ငံခြားရေးဝန်ကြီး ဟိုဆိန် အေမာရက်ဒိုလက်ဟီနဲ့ တခြားအရာရှိ တချို့လည်း လိုက်ပါသွားကြောင်း အီရန် မီဒီယာတွေက ဖော်ပြကြပါတယ်။ ရဟတ်ယာဉ် ပျက်ကျချိန်မှာ ရာသီဥတု ဆိုးရွားနေတယ်လို့ အတည်ပြုထားပေမယ့် ပျက်ကျမှု အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ သွေးရိုးသားရိုး ချွတ်ချော် မှားယွင်းမှု တခုခုကြောင့်၊ ဒါမှမဟုတ် ပယောဂ တခုခုကြောင့် ရဟတ်ယာဉ် ပျက်ကျခဲ့တယ် ဆိုတာကို လောလောဆယ် မစုံစမ်းနိုင်သေးဘဲ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး မစ်ရှင်တွေ အတွက်သာ အီရန်က အရင်းအမြစ်တွေကို ပုံအော သုံးနေပါတယ်။
ရိုင်ဆီဟာ အီရန်ရဲ့ အဓိပတိ အယာတိုလာ အလီ ခါမေနီရဲ့ လက်ရင်းတပည့် တဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ နိုင်ငံ သမ္မတ ဖြစ်လာခဲ့ပါတယ်။ အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ရိုင်ဆီဟာ ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံထားရပါတယ်။
အီရန်ဟာ နျူကလီးယား နည်းပညာ မြှင့်တင်မှုတွေကြောင့် အမေရိကန်ရဲ့ ကြမ်းတမ်းတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ကြုံတွေ့နေပြီး လေယာဉ် အစိတ်အပိုင်းတွေ တင်သွင်းမှုတွေ တားမြစ် ခံထားရတဲ့ ပြဿနာကို အပြင်းအထန် ကြုံနေရပါတယ်။ အရင်ကလည်း အီရန်မှာ အဲဒီပြဿနာနဲ့ ဆက်နွှယ်တဲ့ လေကြောင်း မတော်တဆမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။
လတ်တလောမှာတော့ ရိုင်ဆီ သေဆုံးကြောင်း အတည်မပြုသေးတဲ့တိုင် မြို့တော် တီဟီရန်မှာ ဒုတိယ သမ္မတဖြစ်သူ မိုဟာမက် မော့ခဘာကို ယာယီ သမ္မတနေရာ တာဝန်ယူရေးအတွက် အရေးပေါ် ဆွေးနွေးမှုတွေ စတင်နေပြီလို့ ယုံကြည်ရပါတယ်။ အီရန်ရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတ ရုတ်တရက် ကွယ်လွန်သွားရင်၊ ဒါမှမဟုတ် ဆက်ပြီး တာဝန်မယူနိုင်တော့ရင် ဒုတိယ သမ္မတက ယာယီ အုပ်ချုပ်ပြီး နောက်ထပ် ရက် ၅၀ အတွင်း ရွေးကောက်ပွဲ ကျင်းပရမှာပါ။ အီရန်မှာ သမ္မတ ရာထူးဟာ အထိုက်အလျောက် အာဏာရှိပေမယ့် နိုင်ငံရဲ့ အဓိပတိ လက်အောက်မှာသာ ရှိနေတာလည်း ဖြစ်ပါတယ်။
Ref: AP