KNLA ဒုတပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင်နှစ်ဦး လက် နက်ကြီးမတော်တဆဖြစ်ပြီး ကျဆုံး

ပုံစာ – ကျဆုံးသွားတဲ့ KNLA တပ်ရင်း ၁၀ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောလားထော်(ဓာတ်ပုံ – KNLA)

မေ ၊ ၁၉

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၄) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်(KNLA)၊ တပ်ရင်း (၁၀) ဒုတပ် ရင်းမှူး ဗိုလ်မှူး စောလားထော်နဲ့ တပ်ဖွဲ့ဝင်နှစ်ဦး မေလ ၁၇ ရက်ကလက်နက်ကြီးမတော်တဆဖြစ်ပြီး ကျဆုံးသွားတယ်လို့ KNLA တာဝန်ရှိသူတွေဆီက သိရပါတယ်။ 

“သူ့လူတွေ(ရဲဘော်)တွေနဲ့ လမ်းမှာ မတော်တဆဖြစ် တာပါ” လို့ KNLA တပ်ရင်း ၁၂ နဲ့ တပ်ရင်း ၂၇ ရဲ့ ပူးတွဲတပ်ရင်းမှူး စောမှူးဂေက DNA ကို ပြောပါ တယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကျောက်မဲ တောင်ရွာ ရဲစခန်းအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖို့ ပြင်ဆင်နေချိန် မတော် တဆပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးခဲ့တာလို့ သိရပါ တယ်။ 

ထားဝယ်မြို့အရှေ့ဘက် မိုင်နှစ်ဆယ်ကျော်အကွာ ကျောက်မဲတောင်ရွာနဲ့ အနီးတဝိုက်မှာ အခုနှစ် အ စောပိုင်းကစပြီး KNLA ၊ PDF ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကပဲ ထားဝယ်ကနေ ကျောက်မဲတောင်ရွာဘက် အင်အားလာဖြည့်တဲ့ ကားကြီး ၁၇ စီးပါ စစ်ကောင်စီတပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကား ၁၂ စီးထက် မနည်း ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် သုံး ဆယ်ကျော် သေဆုံးပြီး လက်နက်မျိုးစုံ သုံးဆယ် ကျော်ကိုလည်း ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိခဲ့ပါသေးတယ်။ 

ထားဝယ်ဒေသမှာ ပြီးခဲ့တဲ့ မတ်လ တတိယအ ပတ်ကလည်း ဒရုန်းဗုံးမတော်တဆဖြစ်လို့ ကာကွယ် ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ပါသေးတယ်။