ရဟတ်ယာဉ် ပျက်ကျမှုမှာ အီရန် သမ္မတ သေဆုံးသွားကြောင်း အတည်ပြု 

မေ၊ ၂၀

အီရန် သမ္မတ အီဘရာဟင် ရိုင်ဆီဟာ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အသက် ၆၃ နှစ် အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း အီရန် အစိုးရ မီဒီယာက အတည်ပြု ဖော်ပြသွားခဲ့ပါတယ်။

သဘောထား တင်းမာတဲ့ ကွန်ဆာဗေးတစ် တဦးအဖြစ် လူသိများခဲ့တဲ့ ရိုင်ဆီဟာ သမ္မတအဖြစ် သူတာဝန်ယူခဲ့ ၃ နှစ်တာ ကာလအတွင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ အတိုက်အခံတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ မှတ်တမ်းဆိုးကို ချန်ထားခဲ့ပါတယ်။ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက သူ့ကို တီဟီရန်မြို့တော်ရဲ့ သားသတ်သမားလို့ ရည်ညွှန်း ခေါ်ဝေါ်လေ့ ရှိပါတယ်။

ရိုင်ဆီနဲ့ နိုင်ငံခြားရေး ဟိုဆိန် အေမာရက်ဒိုလက်ဟီတို့ စီးနင်းလိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ အိမ်နီးချင်း အဇာဘိုင်ဂျန်နဲ့ နယ်စပ်မှာရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းသစ် ဖွင့်ပွဲ အခမ်းအနားကနေ တခြား ရဟတ်ယာဉ် နှစ်စီးနဲ့အတူ မေလ ၁၉ ရက်နေ့က ပြန်လာရင်း နိုင်ငံ အနောက်မြောက်ပိုင်း၊ တောင်ထူထပ်ရာ ဗာဇ်ခန်မြို့နားက တောထဲကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

ရာသီဥတု ဆိုးရွားပြီး မြူခိုးတွေ ထူထပ်နေတာကြောင့် ရဟတ်ယာဉ်ပျက်ကို ရှာဖွေမှုတွေမှာ နှောင့်နှေး ကြန့်ကြာခဲ့ပြီး ၁၂ နာရီလောက် အချိန်လင့်ခဲ့ပါတယ်။ ရဟတ်ယာဉ်ကို ရှာတွေ့တဲ့ အခါမှာတော့ အစိတ်အပိုင်းတွေ ပြန့်ကြဲနေပြီး ဆိုးဆိုးရွားရွား မီးလောင်ထားသလို အသက်ရှင်ကျန်သူ တယောက်မှ မရှိတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ တခြားရဟတ်ယာဉ် နှစ်စီးကတော့ ရည်မှန်းထားတဲ့ နေရာဆီ ချောချောမောမော ပြန်ရောက်ခဲ့ကြပါတယ်။

အီရန်ရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတ ကွယ်လွန်သွားချိန်မှာ ဒုတိယ သမ္မတက ယာယီ အစားထိုး တာဝန်ယူပြီး လာမယ့် ရက်ပေါင်း ၅၀ အတွင်း ရွေးကောက်ပွဲတွေ ပြန်လည် ကျင်းပစေမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး မစ်ရှင်တွေကို အားထည့်နေဆဲဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ ရဟတ်ယာဉ် ပျက်ကျမှု အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ စတင်သွားမှာပါ။

ရိုင်ဆီ ကွယ်လွန်ကြောင်း သတင်းကို ကြားသိရတဲ့နောက် အီရန် အစိုးရရဲ့ မဟာမိတ် နိုင်ငံတချို့နဲ့ လက်ဝေခံ ပြောက်ကျားအဖွဲ့တချို့က ဝမ်းနည်းကြေကွဲကြောင်း သတင်းစကားတွေ ပေးပို့ခဲ့ကြပါတယ်။ တချို့နေရာတွေမှာတော့ အီရန် အစိုးရ ဆန့်ကျင်ရေး အင်အားစုတွေက ဒီသတင်းကြောင့် အောင်ပွဲခံနေတဲ့ မှတ်တမ်း ဗီဒီယိုတွေကို လူမှုကွန်ရက် မီဒီယာတွေပေါ် မျှဝေခဲ့ကြပါတယ်။

ရိုင်ဆီဟာ အီရန်ရဲ့ အဓိပတိ ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီရဲ့ အနီးကပ် လက်ရုံးတပည့် တဦးလည်းဖြစ်ပြီး နောင်တချိန်မှာ ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူလို့လည်း ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံခဲ့ရပါတယ်။ သူကွယ်လွန်ချိန်မှာ သမ္မတကတော် ဂျာမီလာ အလာမိုဟိုလ်ဒါနဲ့အတူ သမီးနှစ်ဦး ကျန်ခဲ့ပါတယ်။

Ref: NBC