ထောက်ပံ့ရေး ယာဉ်တန်းကို မှားယွင်းတိုက်ခိုက်မှုအတွက် အရာရှိ နှစ်ဦးကို အစ္စရေးစစ်တပ် ထုတ်ပယ်

ဧပြီ ၊ ၆

ဂါဇာမှာ လူသားချင်း စာနာမှု ထောက်ပံ့ရေး ယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ဘက် အရာရှိ နှစ်ဦးကို ထုတ်ပယ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ကြေညာခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက ဂါဇာမှာ အစ္စရေးရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ မောင်းနှင်နေတဲ့ ယာဉ် ၃ စီးပါ ထောက်ပံ့ရေး ယာဉ်တန်းကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် အနောက်နိုင်ငံသားတွေ အပါအဝင် ကမ္ဘာ့ မီးဖိုချောင် စင်တာ (WKC)ရဲ့ ဝန်ထမ်း ၇ ဦး သေဆုံးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အစ္စရေး အစိုးရက အဲဒီတိုက်ခိုက်မှုဟာ မတော်တဆ မှားယွင်းမှုအဖြစ် ဝန်ခံပြီး ဝန်ချတောင်းပန်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း မဟာမိတ်တွေ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက အခုကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးအပေါ် တင်းတင်းမာမာ ဝေဖန် ရှုတ်ချလာကြပါတယ်။

အစ္စရေး စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သူ ရေတပ် နောက်တန်း သေနာပတိ ဒန်နီရယ်လ် ဟာဂါရီက ဖြစ်ခဲ့တဲ့ ကိစ္စဟာ ကြေကွဲစရာ အခြေအနေလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒီကိစ္စမျိုး လုံးဝ မကြုံခဲ့သင့်သလို အလားတူ အခြေအနေတွေကို ရှောင်ရှားဖို့ အစ္စရေးဟာ အစွမ်းကုန် သတိထားရမယ်လို့လည်း သူက ဆိုပါတယ်။

အစ္စရေး စစ်တပ်ရဲ့ အဆိုအရ တိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့ အခါတိုင်း ပစ်မှတ်ကို မျက်မြင် စစ်ဆေးပြီး ရန်သူ၊ သို့မဟုတ် ခြိမ်းခြောက်မှုဆိုတာ အတည်ပြုဖို့ တိတိကျကျ သတ်မှတ် ညွှန်ကြားထားပေမယ့် ဗိုလ်မှူးကြီးအဆင့် အရာရှိ တဦးကတော့ လိုက်နာမှု မရှိဘဲ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးခဲ့ကြောင်း၊ သူ့ရဲ့ အမိန့်ပေး ညွှန်ကြားချက်ကို တွဲဖက် စောင့်ကြည့်ရတဲ့ ဗိုလ်မှူးအဆင့် အရာရှိကလည်း ဘောင်ကျော်တဲ့ ကိစ္စကို ကန့်ကွက်ဖို့ ပျက်ကွက်ခဲ့ကြောင်း သိရပါတယ်။

အခုတော့ စစ်တပ်က နာမည်ဖော်ပြမထားတဲ့ အဲဒီအရာရှိ နှစ်ယောက်ကို ထုတ်ပယ်ပြီး နောက်ထပ် အရာရှိ ၃ ဦးကိုလည်း ရာထူးက ဆိုင်းငံ့ရင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ​ထုတ်ပြန်ပါတယ်။ လက်ရှိမှာတော့ အစ္စရေးဟာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု အရှိဆုံး လုပ်ဆောင်ဖို့၊ ထိရောက်တဲ့ ဖြေရှင်းချက်မျိုးပေးဖို့ နိုင်ငံတကာ ဖိအားပေးမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ 

Ref: AP