မန္တလေးမြို့ မဟာဓာတ်အားလိုင်းနဲ့ မလွတ်လို့ဆိုပြီး နေအိမ်တရာဝန်းကျင်ကို စတင်ဖယ်ရှား

ဧပြီ၊ ၅
 
မန္တလေးမှာ မဟာဓာတ်အားလိုင်း ဧရိယာနဲ့ မလွတ်လို့ဆိုပြီး ဖယ်ရှားဖို့ သတိပေးခံထားရတဲ့ နေအိမ် ထောင်ဂဏန်းထဲက အိမ်တရာလောက်ကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ စတင်ဖျက်ဆီးဖယ်ရှားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“စာထုတ်ထားတယ်ဆိုပေမယ့် တချို့ကလည်း အိမ်ကြီးတွေပါနေတော့ ရမ်းမလုပ်ရဲဘဲ အခြေအနေ ကြည့်နေကြတာပေါ့၊ အဲဒါကို အားချင်လာဖျက်သွားတဲ့ သဘောပါပဲ၊ သုံးထပ်တိုက်တွေကအစ အကုန်ဖျက်ခံရတယ်” လို့ အိမ်တွေဖယ်ပေးဖို့ သတိပေးခံထားရတဲ့အထဲ ပါတဲ့ ကန်ကောက်ရွာခံ တဦးက ပြောပါတယ်။
 
စစ်ကောင်စီဟာ ရွှေစာရံ-အောင်ပင်လယ် မဟာဓာတ်အားလိုင်း ဧရိယာနဲ့ မလွတ်ကင်းလို့ဆိုကာ မန္တလေး ပုသိမ်ကြီး မြို့နယ်ထဲက ရွာရှစ်ရွာလောက်က နေအိမ်တွေကို ဖယ်ရှားဖို့ ထုတ်ထားတာဖြစ်ပြီး ဒီကနေ့မှာ နန်းဦးလွင်ကျေးရွာ နေအိမ်တွေကို ဘူဒိုဇာတွေနဲ့ စတင်ဖျက်ဆီးဖယ်ရှားခဲ့တာပါ။
 
ပုသိမ်ကြီးမြို့နယ် စည်ပင်ရေး ကော်မတီအဖွဲ့ဝင်တွေက ဦးဆောင်ပြီး စစ်အုပ်စုက လက်နက် လူအင် အားအပြည့်အစုံနဲ့ လုံခြုံရေးရယူကာ နေအိမ်တွေကို လာရောက်ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေ ကပြော ပါတယ်။
 
“ ရောက်ပြီး ချက်ချင်းဖျက်တာ အိမ်ထဲက ဘာပစ္စည်းမှယူခွင့်မပေးဘူး၊အိမ်ထောင်ပစ္စည်းတွေလည်း ဖျက်တဲ့အထဲပါကုန်တယ်” လို့ အထက်ပါ ဒေသခံကပြောပါတယ်။
 
မန္တလေးမြို့ အရှေ့ခြမ်းမှာရှိတဲ့ ကန်ကောက်၊ နန်းဦးလွင်၊ မဲကင်းကုန်း၊ သဲကုန်း၊ နွယ်နီ အပါအဝင် ရွာ ရှစ်ရွာလောက်က နေအိမ် တထောင်ကျော်လောက်ကို လျှပ်စစ်ဓာတ်အားလိုင်း ဧရိယာတွေထဲမှာ ပါဝင် နေတယ်ဆိုပြီး စစ်အုပ်စုက ဒီလ ၄ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ စာထုတ်ပြန် အသိပေး ထားတာပါ။
 
ဒီလိုအသိပေးစာတွေပေးပို့ခံရပြီးနောက် နေအိမ်တွေမဖျက်ရဖို့ ဒေသခံတွေစုပေါင်းပြီး လက်မှတ်ထိုး အသနားခံစာတင်ခဲ့ကြပေမယ့် အခုလိုဖျက်ဆီးခံခဲ့ရတာပါ။
 
အဲဒီရွာတွေမှာ ဖြတ်သန်းသွားတဲ့ ဓာတ်အားလိုင်းအလယ်ဗဟိုရဲ့ ဘယ်၊ ညာ ၇၅ ပေအတွင်းမှာရှိနေတဲ့ နေအိမ်တွေကိုဖျက်ခိုင်းတာလို့ ဒေသခံတွေကပြောပါတယ်။
 
မဟာဓာတ်အားလိုင်း သတ်မှတ်နယ်မြေအတွင်း ဆောက်လုပ်မှုတွေဟာ ခွင့်ပြုချက်မရှိ၊ ကျူးကျော်အဆောက်အဦတွေဖြစ်တယ်လို့ စစ်ကောင်စီက ဒေသခံတွေကိုပေးပို့တဲ့ သတိပေးစာတွေမှာဖော်ပြ ထား ပါတယ်။
 
အဲဒီနေရာတွေဟာ အရင်က လယ်ယာမြေတွေသာဖြစ်ပြီး မူလပိုင်ရှင်တွေက လယ်မြေကို အကွက်ရိုက် ရောင်းချ ထားတဲ့နေရာတွေဖြစ်တယ်လို့ ဝါရင့် အိမ်ခြေမြေအကျိုးတော်ဆောင်တဦးကပြောပါတယ်။
 
လက်ရှိမှာတော့ ဖျက်သိမ်းပေးရမယ့် အိမ်တွေထဲမှာ ကျပ်သိန်းထောင်ချီတန်တဲ့ အိမ်ကြီး အိမ်ကောင်း တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
 
“မြို့အတွင်းနဲ့ လည်းနီးကပ်သွားတယ်ဆိုတော့ အခုနေရာတွေ စျေးတန်သွားပြီလေ၊ဒါပေမယ့် ပိုင်ဆိုင်မှု ကျတော့ ခိုင်ခိုင်မာမာမရှိတော့ သူတို့(စစ်တပ်) စိတ်ကြိုက်လုပ်တာခံရတာပေါ့၊နေအိမ်တွေဖယ်ပြီး ပြန် အကွက်ရိုက်ရောင်းမလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့ “ လို့ သူကပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ရန်ကုန်၊မန္တလေး၊ပဲခူးအပါအဝင် မြို့ကြီးတချို့မှာ စည်ပင်ပိုင် မြေ၊ဌာနဆိုင်ရာနဲ့တပ်ပိုင်မြေတွေပေါ် ကျူးကျော်ဆောက်လုပ်ထားတယ်ဆိုပြီး နေအိမ်သောင်းချီကို အ ခုလိုပဲ ဖိအားပေးဖျက်ဆီးဖယ်ရှားခဲ့ပါတယ်။
 
အဲ့ဒီဖျက်ဆီးခံခဲ့ရသူတွေထဲမှာ မိသားစုအစဉ်အဆက်ဆယ်စုနှစ်နဲ့ချီအခြေချနေထိုင်လာခဲ့သူတွေလ ည်း ပါဝင်ခဲ့ပြီး လူဦးရေသိန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။
 
ဓာတ်ပုံ – CJ